မန္တလေး ကုတင် ၃၀၀၊ ကလေးဆေးရုံမှ လက်ထောက်ဆရာဝန်များ ဖေဖေါ်ဝါရီလ (၃) ရက်နေ့မှစ၍ လုပ်ငန်းမဝင်တော့ကြောင့် Civil Disobedience campaign စတင်

 မန္တလေး ကုတင် ၃၀၀၊ ကလေးဆေးရုံမှ လက်ထောက်ဆရာဝန်များ ဖေဖေါ်ဝါရီလ (၃) ရက်နေ့မှစ၍ လုပ်ငန်းမဝင်တော့ကြောင့် Civil Disobedience campaign စတင်
ဖေဖော်ဝါရီ 2, 2021 | နိုင်ငံရေးသတင်းများ
By Tachileik News Agency

မန္တလေး ကုတင် ၃၀၀၊ ကလေးဆေးရုံမှ လက်ထောက်ဆရာဝန်များက ၂၀၂၁ ခုနှစ်၊ ဖေဖေါ်ဝါရီလ (၃) ရက်နေ့မှစတင်၍ အလုပ်တာဝန်များ ဆက်လက် လုပ်ကိုင်ခြင်းမပြုတော့ဘဲ Civil Disobedience campaign ကို လုပ်ဆောင်မည်ဟု ကြေညာထားသည်ကို တွေ့ရသည်။

အခုကတော့ ကျွန်တော်တို့က အစိုးရအလုပ်ဝင်တဲ့ လက်ထောက်ဆရာဝန်တွေက ဒီကမ်ပိန်းကို စတာပါ။ အခုမန္တလေး ကုတင် ၃၀၀ ကလေးဆေးရုံက လက်ထောက်ဆရာဝန်တွေက စတယ်။ တခြားကတော့ တစ်ဦးချင်းစီ ပူးပေါင်းပါဝင်တာတွေတော့ရှိတယ်။ ရာဂဏန်းလောက်တော့ ရှိပြီ။

ဟု Civil Disobedience Movement အဖွဲ့တွင် ပါဝင်သူတစ်ဦးက တာချီလိတ်သတင်းအေဂျင်စီသို့ ဖေဖော်ဝါရီလ(၂)ရက်နေ့ နေ့လည်ပိုင်းက ပြောသည်။

 

ရွေးကောက်တင်မြှောက်ထားသည့် အစိုးရအဖွဲ့နှင့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များအား တပ်မတော်က ဖမ်းဆီးထိန်းသိမ်းမှုအား လက်မခံကြောင်းပြသသည့်အနေဖြင့် အစိုးရဝန်ထမ်းများက ပုံမှန်လုပ်ငန်းများ ဆောင်ရွက်ခြင်းအား မလုပ်ဆောင်ခြင်းဖြင့် ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖေါ်သည့်နည်းလမ်းကို လုပ်ဆောင်ခြင်းဖြစ်သည်ဟု ဆိုသည်။

အစိုးရအဖွဲ့နှင့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များအား တပ်မတော်က ၂၀၂၁ ခုနှစ်၊ ဖေဖေါ်ဝါရီလ (၁) ရက်နေ့တွင် ဖမ်းဆီးထိန်းသိမ်းလိုက်ပြီးနောက် နိုင်ငံတော်၏ အာဏာ (၃) ရပ်ကို တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က လွှဲပြောင်းရယူကြောင်းနှင့် နိုင်ငံအား အရေးပေါ် (၁)နှစ်ကြေညာကြောင်း ထုတ်ပြန်ထားခြင်းဖြစ်သည်။

Tachileik News Agency