ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းယောင်းမြို့နယ်အတွင်း နွေရာသီကာလ၌ တောင်ယာတောမီးများကြောင့် မီးခိုးမြူငွေ့ညစ်ညမ်းမှုများကို ကြိုတင်ကာကွယ်နိုင်ရေးအတွက် အသိပညာပေးဆွေးနွေးမှုကို ရပ်/ကျေးအုပ်ချုပ်ရေး ဥပဒေ၊ နည်းဥပဒေများရှင်းလင်းပွဲတွင်ပါ တစ်ပါတည်း အသိပေးဆွေးနွေးမှုများ လုပ်ဆောင်နေကြောင်း သိရသည်။
နှစ်စဉ်တွင် တာချီလိတ်ခရိုင်အတွင်းဖြစ်သည့် တာချီလိတ်မြို့၊ တာလေမြို့နှင့် မိုင်းဖြတ်မြို့တို့တွင် နွေရာသီကာလများ၌ တောင်ယာတောမီးရှို့မှုများ နှင့် နယ်စပ်ဖြတ်ကျော်မီးခိုးငွေ့များ ဖုံးလွှမ်းမှုဖြစ်ပေါ်လေ့ရှိသည့်အတွက် တာချီလိတ်ခရိုင်အတွင်းဖြစ်သည့် မိုင်းယောင်းမြို့နယ်အတွင်း၌ ကြိုတင်ကာကွယ်သည့်အနေဖြင့် အသိပညာပေးမှုများကို ကြိုတင်ဆောင်ရွက်နေလျက်ရှိကြောင်း မိုင်းယောင်းမြို့နယ်အုပ်ချုပ်ရေးမှူးက ပြောသည်။
ကျွန်တော်တို့ဘက်မှာတော့ မဖြစ်သလောက်ပဲ။ ဒါပေမဲ့ တာချီလိတ်ခရိုင်ထဲမှာ ဖြစ်တဲ့အခါကြတော့ ကျွန်တော်တို့ မြို့နယ်ကလည်း ကြိုတင်ကာကွယ်တဲ့အနေနဲ့ အသိပညာပေးဟောပြောပွဲတွေ လုပ်လိုက်တာပါ။ ဒီဖက်မှာလည်း ရွှေ့ပြောင်းတောင်ယာစိုက်တာတွေရှိတဲ့အခါကြတော့ သူတို့ကိုလည်း ဖြစ်တတ်တာတွေကို ရှင်းပြတာတွေ၊ မီးခိုးမြူတွေကြောင့် ကျန်းမာရေးအပိုင်းအရရော သဘာဝပတ်ဝန်းကျင်အရရော ထိခိုက်မှုတွေရှိနိုင်တဲ့အတွက် ကိုယ့်မြို့နယ်မှာ မဖြစ်အောင်ပေါ့လေ ကျွန်တော်တို့လည်း ခရိုင်ရဲ့ စီမံချက်ပါအတိုင်း လုပ်နေပါတယ်။ လက်ရှိလည်း အသိပေးတာ ပညာပေးတာ ရှင်းပြတာလေးတွေကို ဆောင်ရွက်နေပါတယ်
ဟု မိုင်းယောင်းမြို့နယ်အုပ်ချုပ်ရေးမှူး ဦးညီညီဝင်းက တာချီလိတ်သတင်းအေဂျင်စီသို့ ဇန်နဝါရီလ(၂၁)ရက်နေ့တွင် ပြောသည်။
ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများ အသစ်ပြန်လည်ရွေးချယ်နိုင်ရေးအတွက် တတိယအကြိမ် ပြင်ဆင်ထားသည့် ရပ်ကွက်(သို့မဟုတ်)ကျေးရွာအုပ်စု အုပ်ချုပ်ရေးဥပဒေ၊ နည်းဥပဒေများနှင့်ပတ်သက်၍ ရပ်ကွက်(သို့မဟုတ်)ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ရွေးချယ်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များကို မိုင်းယောင်းမြို့နယ်အုပ်ချုပ်ရေးမှူး ဦးညီညီဝင်း၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးမင်းမင်းဇော်နှင့် ဌာနဆိုင်ရာအကြီးအကဲများ၊ ဒေသဘာသာစကားကျွမ်းကျင်သူများက ရှင်းလင်းပွဲများ ပြုလုပ်စဉ် မီးခိုးမြူငွေ့ကင်းစင်ရေးနှင့် နယ်စပ်ဖြတ်ကျော် မီးခိုးမြူငွေ့ညစ်ညမ်းမှု ကာကွယ်ရေး၊ ဒေသအတွင်း မီးခိုးမြူငွေ့ ဖုံးလွှမ်းမှု ကြိုတင်ကာကွယ်ရေးများနှင့် ပတ်သက်၍ အသိပညာပေးမှုများကိုပါ တစ်ပါတည်း လုပ်ဆောင်ခြင်း ဖြစ်သည်။
တာချီလိတ်ခရိုင်အတွင်း၌ နှစ်စဉ် ဖေဖော်ဝါရီလ၏ တတိယပတ်မှစ၍ ဧပြီလကုန်အထိ နယ်စပ်ဖြတ်ကျော်မီးခိုးမြူဖုံးလွှမ်းမှုများနှင့် တောင်ယာတောမီးရှို့မှုများကြောင့် မီးခိုးမြူများ ဖုံးလွှမ်းလေ့ရှိသည့်အတွက် တာချီလိတ်ခရိုင်အတွင်းရှိသည့် တာချီလိတ်၊ တာလေ၊ ကျိုင်းလပ်၊ မိုင်းဖြတ်၊ မိုင်းယောင်းနှင့်မိုင်းယုမြို့များတွင် မီးခိုးငွေ့ဖုံးလွှမ်းမှုမရှိစေရေးကို ကြိုတင်ပြင်ဆင်သည့်အနေဖြင့် အသိပညာပေးမှုများ လုပ်ဆောင်နေကြောင်း တာချီလိတ်ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနထံက သိရှိရသည်။
Tachileik News Agency
သတင်း/ဓါတ်ပုံ - စိုင်းအောင်ဇော်လင်း