တာချီလိတ်နှင့်နီးသည့် လာအိုနိုင်ငံ တုန့်ဖိန်းခရိုင်ကို ဇန်နဝါရီလ (၂၅) ရက်နေ့အထိ Lockdown သတ်မှတ်

တာချီလိတ်နှင့်နီးသည့် လာအိုနိုင်ငံ တုန့်ဖိန်းခရိုင်ကို ဇန်နဝါရီလ (၂၅) ရက်နေ့အထိ Lockdown သတ်မှတ်
ဇန်နဝါရီ 12, 2021 | နိုင်ငံတကာသတင်း

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်နှင့်နယ်စပ်ဖြစ်သည့် လာအိုနိုင်ငံ၊ ဘိုကျောက်ပြည်နယ်၊ တုန့်ဖိန်းခရိုင်ကို ဒုတိယအကြိမ်အဖြစ် Lockdown သတ်မှတ်လိုက်ပြီဖြစ်ကြောင်း ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလ (၁၂) ရက်နေ့၌ လာအိုကိုဗစ်ကာကွယ်ထိန်းချုပ်ရေးအဖွဲ့က သတင်းထုတ်ပြန်ထားသည်။

တုန်းဖိန်းခရိုင်နှင့် ကာစီနိုလုပ်ငန်းရှိရာ ရွှေတြိဂံအထူးစီးပွားရေးဇုန်တို့ကို ဇန်နဝါရီလ (၂၅) ရက်နေ့အထိ ယာယီအသွားအလာကန့်သတ်လိုက်ခြင်းဖြစ်ပြီး တုန်ဖိန်းခရိုင်မှ အဝင်အထွက်လမ်းများတွင် စစ်ဆေးရေးဂိတ် (၃)ခုဖွင့်လှစ်ပြီး ကျန်းမာရေးဌာန၊ စစ်တပ်နှင့် သက်ဆိုင်ရာ စစ်ဆေးမည်ဖြစ်ကြောင်း သိရသည်။

ရွှေတြိဂံဇုန် ကာစီနိုတွင် အလုပ်လုပ်နေသည့် တရုတ်နိုင်ငံသားတစ်ဦး ဇန်နဝါရီလ (၈) ရက်နေ့က ဆိုင်ကယ်တိုက်မှုဖြစ်ပွားသည့် ဒဏ်ရာရသွားသည့် အမျိုးသားတစ်ဦးတွင် COVID 19 စစ်ဆေးတွေ့ရကြောင်း ဘိုကျောက်ပြည်နယ်ဆေးရုံမှ ထုတ်ပြန်ပြီးနောက် ယင်းကဲ့သို့ အသွားအလာကန့်သတ်လိုက်ခြင်းဖြစ်သည်။

အဆိုပါ တုန့်ဖိန်းမြို့နယ်တွင် ၂၀၂၀ ခုနှစ်အတွင်းက တာချီလိတ်ဘက်မှတစ်ဆင့် လာအိုဘက် ကာစီနိုသို့ ခိုးကူးသွားသည့် တရုတ်နိုင်ငံသား (၂)ဦးတွင် COVID 19 ပိုးတွေ့ရသဖြင့် ပထမအကြိမ် locked down ချခဲ့ရခြင်းဖြစ်သည်။

ဘိုကျောက်ပြည်နယ်၊တုန့်ဖိန်းမြို့နယ်အတွင်း မဲခေါင်မြစ်ကြောင်းတလျှောက်ရှိ မြေဧရိယာဟက်တာ (၃၀၀၀) ကို လာအိုအစိုးရက ဟောင်ကောင်အခြေစိုက် တရုတ်ကုမ္ပဏီဖြစ်သည့် Kings Romans Group အား ၂၀၀၇ ခုနှစ်တွင် အထူးစီးပွားရေးဇုန်ဖေါ်ဆောင်ခွင့်ပေးထားရာ ကာစီနိုလုပ်ငန်းများကို လုပ်ကိုင်နေခြင်းဖြစ်ပြီး အဆိုပါဒေသရှိ ကာစီနိုလုပ်ငန်း၊ ဆောက်လုပ်ငန်းရေး လုပ်ငန်းများနှင့် အခြားဆက်စပ်လုပ်ငန်းများ၌ သွားရောက်လုပ်ကိုင်နေကြသည့် မြန်မာနိုင်ငံသားများလည်း ရှိနေခြင်းဖြစ်သည်။

Tachileik News Agency

Source: Laotian Time

 

ချယ်ရီထိုက် (အင်မိုင်ခ)သည် Tachileik News Agency ၏ စီမံခန့်ခွဲမှုအယ်ဒီတာချုပ်ဖြစ်သည်။