ဗြိတိန်နိုင်ငံတွင် ကွယ်လွန်သူ မိခင်၏အသံ အတုလုပ်၍ မိခင် ဟန်ဆောင်ပြီး ဖခင်ဖြစ်သူ၏ ဘဏ်အကောင့်မှ ပေါင်စတာလင် သောင်းနှင့်ချီ လိမ်လည်ထုတ်ယူခဲ့သည့် အမျိုးသားတစ်ဦး ထောင်ဒဏ်ချမှတ်ခံလိုက်ရသည်။
ရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးမှု လုပ်ဆောင်ခဲ့ပြီးနောက် အသက် (၄၂) ဒန်နီရယ် ကတ်ဘတ်ဆိုသူ အမျိုးသားက ၂၀၁၇ ခုနှစ်နှင့် ၂၀၁၈ ခုနှစ်ကြား အချိန် (၁၄)လအတွင်း ကွယ်လွန်သူ မိခင်အဖြစ် ဟန်ဆောင်၍ လည်းကောင်း၊ ဖခင် ဟန်ဆောင်၍ လည်းကောင်း ဘဏ်သို့ အကြိမ်ကြိမ် ဖုန်းဖြင့် ဆက်သွယ်ကာ ဖခင် စုဆောင်းထားသည့် ဘဏ်အပ်နှံငွေ ပေါင် (၅၆,၀၀၀) ကျော်ကို လိမ်လည်ထုတ်ယူခဲ့ကြောင်း ဖော်ထုတ်သိရှိခဲ့ရသည်။
ဒန်နီရယ်က ဘဏ်သို့ အကြိမ်ကြိမ် ဖုန်းခေါ်ဆိုခဲ့ပြီး ဖခင်အဖြစ် ဟန်ဆောင်ခဲ့သလို အမျိုးသမီးအသံဖြင့် ပြောဆို၍လည်း ကွယ်လွန်သူ မိခင်အဖြစ် ဟန်ဆောင်ခဲ့ကြောင်း ပရက်စတန်မြို့ရှိ Preston Crown တရားရုံး က ပြောသည်။
ထိုသို့ ဖုန်းခေါ်ဆိုမှုများအနက် အနည်းဆုံး (၉) ကြိမ်တွင် ၎င်းက အမျိုးသမီးအသံဖြင့် မိခင် ဟန်ဆောင်ခဲ့ပြီး ဒန်နီရယ်က ထိုငွေများကို ၎င်း၏ ဘဏ်အကောင့်သို့ လွှဲပြောင်းထားခဲ့သည်။
ဒန်နီရယ်က စုစုပေါင်း ပေါင် (၉,၀၀၀) ကို ဖခင်၏ ဘဏ်အကောင့်မှ ၎င်း၏အကောင့်သို့ လွှဲပြောင်းရန် ကွယ်လွန်သူမိခင် ဟန်ဆောင်၍ ဘဏ်သို့ (၈) ကြိမ် ဖုန်းခေါ်ဆိုခဲ့ကြောင်း တရာရုံးကြားနာမှုအရ သိရသည်။
၎င်းက ဖခင်အဖြစ် ဟန်ဆောင်၍လည်း ဘဏ်အကောင့်မှ ငွေများကို လွှဲပြောင်းရယူခဲ့သည်။
ထို့အပြင် ဒန်နီရယ်က ဖခင်၏ အမည်ဖြင့် ချေးငွေများ ရယူထားခဲ့ရာ ဖခင်ဖြစ်သူမှာ အကြွေးများကြောင့် နေအိမ် ဆုံးရှုံးရမည့်အဖြစ်နှင့် ကြုံနေရသည်။
ဒန်နီရယ်က ဟန်ဆောင်လိမ်လည်မှုကို ဝန်ခံခဲ့ပြီး ၂၀၂၃ ခုနှစ် ဇူလိုင်လ (၁၃) ရက်နေ့တွင် ထောင်ဒဏ် (၂) နှစ် ချမှတ်ခံရသည်။
"ဒါက တကယ့်ကို စက်ဆုပ်ဖွယ်ကောင်းတဲ့ ယုံကြည်မှုကို အလွဲသုံးစားလုပ်မှုပဲဗျ။ ဒီလူက ဖခင် ဟန်ဆောင်တဲ့အပြင် ကွယ်လွန်သွားတဲ့ မိခင်အဖြစ်ပါ ဟန်ဆောင်ပြီး ပေါင် (၅၆,၀၀၀) ကျော်ကို လိမ်လည်ထုတ်ယူခဲ့တာ" ဟု ရဲတပ်ကြပ်ကြီး မိုက်ရော်ဂျာက ပြောသည်။
တရားရုံးက ၎င်းကို (၅) နှစ်ကြာ ခြေချုပ်တားမြစ်အမိန့်လည်း ချမှတ်ခဲ့ကြောင်း သိရသည်။
Source: Metroh