မောင်သာချို
(တစ်)
တာချီလိတ်သို့ ရောက်လျှင်ရောက်ချင်း ဒေသခံ စာပေချစ်သူများက ခရီးရောက်မဆိုက် နှင်းအပ်လိုက်သည့် လက်ဆောင်မှာကား စာအိတ်ကလေး တစ်အိတ်စီပင် ဖြစ်ပါသည်။ ဘာများပါလိမ့်။ အခုပဲ တာချီလိတ်လေဆိပ်ကိုဆင်း၊ အခုပဲ ရှမ်းရိုးရာ အိုးစည်ဗုံမောင်းတို့နှင့်ကြိုဆို၊ အခုပဲ မြန်မာ၊ ထိုင်း၊ လာအို သုံးပွင့်ဆိုင် ရွှေတြိဂံဒေသ၏မြို့တော် တာချီလိတ်ကို မြို့တစ်ပတ်လှည့်လည်ပြသ၊ အခုပဲ ဟိုတယ်ရှိရာဆီပြန်ရောက်၊ အခုပဲ ကိုယ်လက်သန့်စင် ရေမိုးချိုးလို့မှ ပြီးလုပြီးခင်ကလေးရှိသေး...ရော့ ဆရာတို့အတွက်ဟုဆိုကာ လက်ထဲကိုယ်စီ ရောက်လာကြသည်က စာအိတ်ပေါက်စကလေးတွေပါ။ ၀ဏ္ဏသိန်းသန်း သတ္တုကုမ္ပဏီ၏ ခရီးဦးကြိုလက်ဆောင်တဲ့။
အို ...ဖောက်လိုက်တော့ အထဲမှာပိုက်ဆံတွေ။ မြန်မာပိုက်ဆံမဟုတ်။ ထိုင်းပိုက်ဆံ။ ဘတ်ငွေတွေပါလား။ အရေအတွက် မများလှ။ ဘတ် ၁၀၀၀ တန် လေးရွက်။ ထိုင်းနိုင်ငံသုံး ပိုက်ဆံတစ်ဘတ်ကို မြန်မာငွေ ၂၈ ကျပ်ကနေ ကျပ် ၃၀ ၀န်းကျင်ကြား၌ ပြေးလွှားနေသည့် ၂၀၁၃ ခုနှစ်ဝန်းကျင် တစ်ဝိုက် နေ့ရက်များဖြစ်လေရာ မြန်မာငွေတစ်သိန်းဝန်းကျင်ခန့် ကျွန်တော်တို့ကို ပေးလိုက်ခြင်းပင် ဖြစ်ပါသည်။ လိုချင်တာကလေးတွေဝယ်ဖို့၊ ပြီးတော့ အသေးသုံးဖို့တဲ့။ ဘာဖြစ်လို့ မြန်မာကျပ်ငွေ မပေးကြတာပါလိမ့်။ ပထမတော့ ကျွန်တော်တို့နားမလည်။ နောက်တော့ တာချီလိတ်တစ်မြို့လုံးအနှံ့ ခြေဆန့်လိုက်လေတော့မှ သြော်..မြန်မာငွေထည့်ထားသည့် ကျွန်တော်တို့၏ ပိုက်ဆံအိတ်ကလေးများကို ပြန်လည်၍ သိမ်းဆည်းထားရလောက်အောင် တာချီလိတ်မြို့၌ လှည်းနေလှေအောင်း မြင်းဇောင်းမကျန် ထိုင်းဘုရင့်တံဆိပ် ခတ်နှိပ်ထားသည့် ထိုင်းပိုက်ဆံတို့ ပလူပျံနေပုံကိုကြည့်ကာ ကျွန်တော်တို့ကို ခရီးရောက်မဆိုက် အပ်နှင်းလာသည့် အသေးသုံးဘတ်ငွေများကိုကြည့်ပြီး သဘောပေါက်သွားခဲ့ရခြင်း ဖြစ်ပါသည်။
(နှစ်)
တာချီလိတ်က ရှမ်းအရှေ့တံခါးပေါက်၏ မြို့တော်ပဲဖြစ်ပါသည်။ မြန်မာ၊ လာအိုနှင့် ထိုင်းတို့ သုံးပွင့်ဆိုင်ထားသည့် ရွှေတြိဂံဒေသ၌ စည်ပင်ဝေဆာနေသည့်မြို့လည်း ဖြစ်ပါ၏။ တာချီလိတ်၏ ဟိုမှာဘက်ကမ်းက ထိုင်းနိုင်ငံ၏ နယ်စပ်မြို့ မဲဆိုင်(Mae Sai)။ အချို့ကလည်း မယ်ဆိုင်တဲ့။ နိုင်ငံနှစ်နိုင်ငံစပ်ကြား တာချီလိတ်နှင့် မဲဆိုင်ကို ခြားထားသည်က မဲဆိုင်ချောင်းကလေး။ ကြည်လင်၍ အေးမြသော တောင်ကျချောင်းကလေး။ မဲဆိုင်က ကျဉ်းမြောင်း၍ တိမ်သော်လည်း ရေစီးသန်သန်ဖြင့် အနောက်ကနေ အရှေ့ဆီသို့ စီးဆင်းလာကာ မဲခေါင်မြစ်ထဲသို့ ၀င်ရောက်သွားမည့် ချောင်းကလေးပဲ ဖြစ်ပါလေသည်။
မြန်မာမြို့ တာချီလိတ်နှင့် ထိုင်းမြို့ မဲဆိုင်ကို ဆက်သွယ်ထားသည်က သည်မဲဆိုင်ချောင်းပေါ်က တံတားကလေး။ တံတားသည်ဘက်ထိပ်မှာက မြန်မာစစ်ဆေးရေးဂိတ်။ တံတားဟိုဘက်ထိပ်မှာက ထိုင်းစစ်ဆေးရေးဂိတ်။ မနက်မိုးလင်းပြီဆိုသည်နှင့် မြန်မာဘက်အခြမ်းကလူတွေ ခြေလျင်တွေရော၊ ဆိုင်ကယ်တွေနှင့်ရော၊ ကားတွေနှင့်ရော သည်တံတားကို ဖြတ်ဖြတ်ပြီး မဲဆိုင်ဘက်ကို သွားနေလိုက်ကြတာ။ ဈေးသွားရောင်းသူတွေ၊ အောက်ခြေသိမ်း အလုပ်မှန်သမျှ သွားလုပ်မည့် အလုပ်သမားတွေ၊ ဈေးဝယ်ထွက်သူတွေ၊ ကျောင်းသူ၊ ကျောင်းသားတွေ။
“ပုံမှန်နေ့စဉ် ထိုင်းဘက်ကို သွားတဲ့သူက ၃၅၀၀ ကနေ ၄၀၀၀ ကြားလောက် ရှိမှာပေါ့”
လူဝင်မှုကြီးကြပ်ရေး အရာရှိတစ်ယောက်က ကျွန်တော့်ကို ရှင်းပြလာခြင်း ဖြစ်ပါသည်။ မဲဆိုင်တံတားကနေ နေ့စဉ်အ၀င်အထွက်လုပ်သူ ဒေသခံတွေက အလုပ်မရှုပ်စေရန် စာအုပ်လုပ်ထားလိုက်ပါသည်။ မြန်မာဘက်သို့ ပေးရသည်က စာအုပ်တစ်အုပ်အတွက် တစ်ပတ်ကို ဘတ် ၃၀၀ ။ ဟိုဘက်ခြမ်း မဲဆိုင်ဘက်သို့ ပေးရသည်က တစ်ခေါက် ဘတ် ၁၀။ တစ်ခေါက်ဆိုသည်က မဲဆိုင်၌ တစ်ပတ်နေခွင့်ကို ဆိုလိုခြင်းဖြစ်ပါသည်။ ယာယီသာ အ၀င်အထွက် လုပ်မည့်သူတွေက တစ်ခေါက်အတွက် လူတစ်ယောက် ဘတ် ၅၀၀။ ဆိုင်ကယ်ပါလာပါက နောက်ထပ် ဘတ် ၅၀၀။ မဲဆိုင်ဘက်ကတော့ ဘတ် ၁၀ က ဘတ် ၁၀ သာ။
“တာချီလိတ်ကနေ မဲဆိုင်ဘက်ကူးပြီး ကျောင်းသွားတက်တာက နေ့စဉ် ဖယ်ရီကားအစီး ၂၀ လောက်ရှိမှာပေါ့။ ကျောင်းသား၊ ကျောင်းသူအားလုံးရဲ့ တစ်ရာခိုင်နှုန်းလောက် ရှိမယ်ထင်ပါရဲ့”
လူဝင်မှုကြီးကြပ်ရေးအရာရှိက တွေးတွေးဆဆနှင့် ခန့်မှန်းပြောဆိုလာပါသည်။ ဟုတ်ပါသည်။ မနက်လင်းလျှင် ကျောင်းကားတွေ၊ ကျောင်းကားတွေ မဲဆိုင်ဘက်ခြမ်းသို့ မောင်းဝင်၍ သွားကြမြဲ။ ညနေခင်းပြန်တော့ တာချီလိတ်ဘက်ခြမ်းသို့ မောင်းဝင်၍ ပြန်လာကြမြဲ။ သူတို့တွေက မြန်မာကျောင်းမနေကြ။ ထိုင်းဘက်သို့ကူးကာ ထိုင်းစာသင်ကျောင်းတွေမှာ မူလတန်းပြီးသည်အထိ တက်ကြသည်။ အချို့က အလယ်တန်းပြီးသည်အထိ။ အချို့က အထက်တန်းအောင်မြင်ကာ ဘန်ကောက်အထိတက်ပြီး ထိုင်းတက္ကသိုလ်တစ်ခုခုကနေ ဘွဲ့ရသည်အထိ။
“ဒါ့ကြောင့်များလားမသိ။ တာချီလိတ်မြို့ထဲမှာက ထိုင်းစာနှင့်မလွတ်။ စားသောက်ဆိုင် ဆိုင်းဘုတ်က ထိုင်းစာနှင့် အစားအသောက်စာရင်းစာရွက်က ထိုင်းစာနှင့်။ မီးသတိပြုစာတမ်းက ထိုင်းစာနှင့်။ ရှမ်းသီချင်းခွေကြော်ငြာတွေက ထိုင်းစာနှင့်။ မူးယစ်ဆေးဝါး သတိပေးဆိုင်းဘုတ်က ထိုင်းစာနှင့်။ ရွှေဆိုင်ဆိုင်းဘုတ်က ထိုင်းစာနှင့်။ သစ်တောသစ်ပင် ချစ်ခင်စောင့်ရှောက်ဖို့ သတိပေးနှိုးဆော်စာက ထိုင်းစာနှင့်။ ဘီယာပုလင်းမှာ ထိုင်းစာ။ အချိုရည်ပုလင်းမှာ ထိုင်းစာ။ မန်ကျည်းဖျော်ရည်ပုလင်းမှာ ထိုင်းစာ။ အိမ်သာအ၀င်အထွက် ကျား၊ မ စာတန်းမှာ ထိုင်းစာ။ ရေပုလင်းမှာ ထိုင်းစာ။ သွားကြားထိုးတံဘူးမှာ ထိုင်းစာ။ ဟိုတယ်တိုင်းမှာ ထိုင်းစာ။ အနှိပ်ခန်းမှာ ထိုင်းစာ။ ကာရာအိုကေခန်းမှာ ထိုင်းစာ။ ဒါ့ကြောင့်လည်း တာချီလိတ်ဒေသခံတို့ ထိုင်းစာကို ထမင်းစား ရေသောက်လောက်ကတော့ ပြောတတ်ကြပြီး တာချီလိတ်မြို့ထဲ၌ ထိုင်းစကား၊ ထိုင်းစာသင်တန်းတို့ လူဝင်လူထွက်များပြားနေရုံမျှသာမက ဟိုဘက်နိုင်ငံ၏ နယ်စပ်မြို့ မဲဆိုင်ထဲအထိသွားကာ သူတို့ကလေးများ၏ အနာဂတ်ပညာရေးအတွက် ခြေလှမ်းကျဲနေကြခြင်းမှာ သိပ်ပြီးဆန်းကြယ်လှသော ကိစ္စတော့မဟုတ်ပါ။
(သုံး)
တာချီလိတ်မြို့ရှိ ထိုင်းလို တွဲစပ်ရေးသားထားသည့် လမ်းအသွယ်သွယ်ကြားတွင် လျှောက်သွားခဲ့ရင်းက အခြေခံလူသုံးကုန်ပစ္စည်းကလေးများ၏ ဈေးနှုန်းကလေးများကို စနည်းနာမိကြောင်း ၀န်ခံလိုပါသည်။
စာအုပ်အငှားဆိုင်ကလေး တစ်ဆိုင်ထဲသို့ ၀င်မိပါသည်။ ဘာစာအုပ်ဖတ်ဖတ်တစ်ရက် ဘတ် ၁၀ ။ ဂျာနယ်အရောင်းဆိုင်ကလေးတစ်ဆိုင်ရှေ့သို့ သွားရပ်မိရာ ဘာဂျာနယ်ယူယူ တစ်စောင် ဘတ် ၄၀ တဲ့။ သန့်စင်ခန်းထဲသို့ နှစ်ခါသုံးခါဝင်မိရာ တာလော့ဈေးက ငါးဘတ်။ မြို့မဈေးက သုံးဘတ်။ ချဉ်ပေါင်ရွက်တစ်စည်း နှစ်ဘတ်။ ဘဲဥတစ်လုံး သုံးဘတ်။ လက်ဖက်ရည်တစ်ခွက် ခုနစ်ဘတ်။ ကောက်ညှင်းပေါင်းတစ်ထုပ် ဘတ် ၁၀ ။ ကွမ်းယာက လေးယာကို ငါးဘတ်။ ရှားရှားပါးပါး တာချီလိတ်မြို့ထဲ၌ မုန့်ဟင်းခါးဆိုင်တစ်ဆိုင်ရှိရာ မုန့်ဟင်းခါးတစ်ပွဲ နှစ်ဆယ့်ငါးဘတ်။ ခေါင်းတစ်ခါညှပ် ဘတ် ၄၀ ။ ကန်စွန်းရွက်ကြော်တစ်ပွဲ ဘတ်ခြောက်ဆယ်။ ၀က်အူချိုကြော် ဘတ်နှစ်ရာ။ အမျိုးသမီးတစ်ယောက်နှင့် တစ်နေ့တာ အတူနေထိုင် ကြည်နူးပျော်ရွှင်ခွင့် ဘတ် ၁၅၀၀ စသည် စသည် စသည်။ သြော် .. တစ်ဘတ်ကို မြန်မာငွေ ၂၈၊ ၂၉၊ ၃၀ ကျပ်များနှင့်သာ မြှောက်ကြည့်လိုက်ပါလေတော့။
ကျွန်တော်က ကျပ်မသုံးဘဲ ဘာ့ကြောင့် တစ်မြို့လုံး ဘတ်သုံးကြရသလဲဟု မေးခွန်းထုတ်မိပါသည်။ သူတို့ကကျပ်သုံးရင် ရှုံးလို့တဲ့။ ဟုတ်ပါသည်။ ထိုင်းတစ်ဘတ်ကို မြန်မာ ၂၈ ဒသမ ၃၄ ကျပ်ရှိသည် ဆိုကြပါစို့။ ကျပ်ကိုကိုင်ပြီး သုံးသောအခါ ဆိုင်က တစ်ဘတ် ၂၈ ဒသမ ၃၄ ကျပ်ဆိုသည်ကို အတိအကျ တွက်မနေတော့ဘဲ တစ်ဘတ်တန်ပစ္စည်းကို ကျပ် ၃၀ ယူသည်လည်းရှိ၊ ၃၅ ကျပ်ယူသည်လည်းရှိရာ မြန်မာငွေကိုင်ထားသူက အကြီးအကျယ်နာ၍ နေပါသည်။ ထိုကြောင့် ကျပ်မကိုင်ဘဲ ဘတ်ကိုင်ကြရပါလေသတဲ့။ သို့ဖြင့် တာချီလိတ် မဲဆိုင်တစ်ဝိုက်မှာ ဘယ်နေရာကိုကြည့်ကြည့် ငွေလဲလှယ်သည့် ဆိုင်ကလေးတွေ။
ကျွန်တော်စိတ်မကောင်း ဖြစ်မိတာတစ်ခုက အချို့ဆိုင်တွေမှာ ထိုင်းပိုက်ဆံကို စားပွဲပေါ်တွင် သေသေချာချာတင်၍ထားပြီး မြန်မာငွေစက္ကူတွေကို ကြမ်းခင်းတွေပေါ်မှာ လှေကားခြေရင်းဆီမှာ ပစ်ချထားခြင်းဖြစ်ပါသည်။ ဘာ့ကြောင့်လည်းဟု ကျွန်တော်က စေ့ငုရပါသည်။
“ထိုင်းပိုက်ဆံက ထိုင်းဘုရင်ပုံနဲ့ဗျ။ ခင်ဗျားတို့ပိုက်ဆံက ဘာတွေမှန်းမသိဘူး။ ခြင်္သေ့တွေရော၊ ဆင်တွေရော တိရစ္ဆာန်ပုံတွေ”
အော် ... သူတို့ချစ်သည့် ဘုရင့်မင်းမြတ်ပုံပါသော ပိုက်ဆံကို ကျွန်တော်တို့ ပိုက်ဆံနှင့်ရော မထားချင်ဘူးတဲ့။ ၂၀၁၃ ခုနှစ် ဖေဖော်ဝါရီ ၁၃ မှာ ရန်ကုန်မြို့၌ ပြည်သူ ၅၅၄ ဦးတို့က လက်မှတ်ရေးထိုး တောင်းဆိုခဲ့ကြသလို မြန်မာငွေစက္ကူတွေပေါ်မှာ ဗိုလ်ချုပ်အောင်ဆန်းပုံကိုများ ပြန်ရိုက်ရရင် ကောင်းလေမလားမသိ။
အခုတော့ တာချီလိတ်မှာက မြန်မာငွေကိုင်ထားရတာ ခက်ပါသည်။ သုံးဖို့လည်းခက်၊ ပြန်အမ်းဖို့လည်းခက်။ လူတိုင်းရဲ့လက်ထဲမှာက ဘတ်ငွေများသာ။
တစ်ချိန်က တာချီလိတ်ရောက် အာဏာပိုင်တစ်ယောက်က တာချီလိတ်တွင် ကျပ်ငွေသာသုံးရမည်ဟု ကိုယ့်ပိုက်ဆံ၏ဂုဏ်ကို အာဏာနှင့် တည်ဆောက်ကြည့်ခဲ့ဖူးပါသည်။ မရ။ လုံးဝမရ။ ကိုယ့်စီးပွားရေး၊ ကိုယ့်သြဇာ၊ ကိုယ့်အသပြာကိုမာအောင် ပညာနှင့်လုပ်မယူဘဲနှင့်တော့ ဇွတ်မရနိုင်ပါလေ။
သြော်..ကမ္ဘောဇ အရှေ့တံခါးဝသို့ ရောက်ရှိသွားသော စာရေးဆရာတွေ အိတ်ထဲမှာက မြန်မာပိုက်ဆံတွေနဲ့ တော်ပါသေးရဲ့။
တာချီလိတ်စာပေချစ်သူများက အသေးသုံးဟုဆိုကာ ဘတ်ငွေတချို့ကို ကြိုတင်ပြီး မုန့်ဖိုးပေးထားကြပေလို့သာပေါ့။ ။