တာချီလိတ်မြို့ မြန်မာ - ထိုင်း အမှတ်(၁)ချစ်ကြည်ရေးတံတားအား အချိန်တိုးမြှင့်၍ ညပိုင်း (၈း၃၀)နာရီ အချိန်ထိ ဖွင့်လှစ်မှုကို ၂၀၁၅ခုနှစ် ဇန်န၀ါရီလ (၁)ရက်နေ့က စတင်ခဲ့ပြီး တံတားဖွင့်လှစ်ချိန် ညပိုင်းသွားရောက်လိုသူများ အနေဖြင့် နိုင်ငံကူးလက်မှတ်များကို မတ်လ (၁)ရက်နေ့မှ စ၍ ညဘက်တွင် အမှတ်(၁)တံတားရှိ မြန်မာအထွက်၌ လက်မှတ်များကို ပြုလုပ်နိုင်ပြီဖြစ်ကြောင်း သိရသည်။
တံတားဖွင့်လှစ်ချိန်အား ညပိုင်း အချိန်တိုးမြှင့်၍ ဖွင့်လှစ်စဉ်က တံတားဖွင့်ချိန် ညဘက် သွားရောက်လိုသူများ အနေဖြင့် နိုင်ငံကူး လက်မှတ်များကို နေ့ဖက် တံတားဖွင့်လှစ်အချိန်များမှာသာ ပြုလုပ်ခွင့် ပေးထားသော်လည်း ယခုအခါမှာ အရေးပေါ် သွားရောက်လိုသူများအတွက်ပါ အဆင်ပြေစေရန်အတွက် ညဘက်တွင်လည်း နိုင်ငံကူးလက်မှတ်များကို သတ်မှတ်နေရာများတွင် မှတ်ပုံတင်မိတ္တူ(၂)စောင် ယူလာစေပြီး လက်မှတ်အား ပြုလုပ်နိုင်မှာဖြစ်ရာကြောင်း တာချီလိတ်ခရိုင်လ၀က၏ အသိပေးကြေငြာထားချက်အရ သိရသည်။
အမှတ်(၁) ချစ်ကြည်ရေးတံတားအား နေ့ပိုင်းအဖြစ် မြန်မာစံတော်ချိန် နံနက်(၆)နာရီမှ ညနေ(၆)နာရီ အချိန်ထိ ပုံမှန်ဖွင့်လှစ်ထားရှိရာမှ ၂၀၁၅ခုနှစ်၏ အစဖြစ်သော ဇန်န၀ါရီလ (၁)ရက်နေ့မှစ၍ နံနက် (၆)နာရီမှ ည(၈း၃၀)နာရီအချိန်ထိ တိုးမြှင့်ဖွင့်လှစ်လိုက်ခြင်းဖြစ်သည်။