သင်္ကြန်ကာလအတွင်း အရက်သေစာ နှင့် မူးယစ်ဆေးဝါး သုံးစွဲ၍ ယာဉ်မတော်တဆမှုများ မဖြစ်စေရေးအတွက် တာလေ၌ အသိပညာပေး

သင်္ကြန်ကာလအတွင်း အရက်သေစာ နှင့် မူးယစ်ဆေးဝါး သုံးစွဲ၍ ယာဉ်မတော်တဆမှုများ မဖြစ်စေရေးအတွက် တာလေ၌ အသိပညာပေး
မတ် 29, 2015
By Tachileik News Agency

တာချီလိတ်ခရိုင်၊ တာလေမြို့၊ နားယောင်းအုပ်စု၊ နားအွမ်ကျေးရွာရှိ ခရစ်ယာန်ဘုရားကျောင်းတွင် ယနေ့ မတ်လ(၂၉)ရက် နေ့လယ်(၁း၃၀)နာရီအချိန်က သင်္ကြန်ကာလအတွင်း မူးယစ်ဆေးဝါး သုံးစွဲပြီး ယာဉ် မဆင်မခြင် မောင်းနှင်မှုများကြောင့် ယာဉ်တိုက်မှုများ မဖြစ်ပွားစေရေးနှင့် လူကုန်ကူးမှုအန္တရာယ် အသိပညာပေး ဟောပြောပွဲအား ကျင်းပပြုလုပ်ခဲ့ကြသည်။

ဟောပြောပွဲတွင် လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ တပ်စိတ်(၂)၊ တပ်စိတ်မှူး ဒုရဲမှူး ရင်ရင်အေး နှင့် ရဲအုပ်လှဘုန်း တို့မှ လူကုန်ကူးမှုအန္တရာယ် နှင့် သိရှိလိုက်နာသင့်သည့် အကြောင်းအရာများကို လည်းကောင်း၊ မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့၊ တပ်ဖွဲ့စု(၃၀) တာချီလိတ်မှ ရဲအုပ် အောင်ကျော်စိုး နှင့် ရဲအုပ် ၀င်းကျော်ကျော် တို့မှ သင်္ကြန်ကာလအတွင်း မူးယစ်ဆေးဝါး သုံးစွဲပြီး မဆင်မခြင် မောင်းနှင်မှုများကြောင့် ယာဉ်တိုက်မှုများ မဖြစ်ပွားစေရေးအတွက် မူးယစ်ဆေးဝါး သုံးစွဲမှုကြောင့် ဖြစ်ပေါ်တတ်သော ဆိုးကျိုးများ၊ မူးယစ်ဆေးဝါး အမျိုးအစားများ၊ မူးယစ်ဆေးဝါးသုံးစွဲ/ရောင်းချပါက အရေးယူခံရမည့် ပြစ်မှု ပြစ်ဒဏ်များနှင့် ပြည်သူလူထုပူးပေါင်း ပါဝင်သော မူးယစ်ဆေးဝါး အန္တရာယ် တားဆီးကာကွယ်ရေး လုပ်ငန်းများ အကြောင်းကို လည်းကောင်း သက်ဆိုင်ရာအလိုက် ဆွေးနွေး ဟောပြောခဲ့ကြသည်။

ဆက်လက်၍ အမှတ်(၆၄)ယာဉ်ထိန်း ရဲတပ်ဖွဲ့စု၊ တပ်စိတ်(၂)တာချီလိတ်မှ ဒုရဲအုပ် ဇော်မျိုးသန့် မှ သင်္ကြန်ကာလ အတွင်း မူးယစ်ဆေးဝါး သုံးစွဲပြီး မဆင်မခြင် မောင်းနှင်မှုများကြောင့် သေဆုံး အရေးယူခံရသည့် ဖြစ်စဉ်များ၊ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းများ အပေါ် လိုက်နာဆောင်ရွက်ရမည့် အကြောင်းအရာများကို လည်းကောင်း ဟောပြောခြင်း၊ လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခြင်း တို့အား ဆောင်ရွက်ခဲ့ပြီး အဆိုပါ ဟောပြောပွဲသို့ နားအွမ်ကျေးရွာမှ အုပ်ချုပ်ရေးမှူး ဦးအောင်ထန် နှင့် ကျေးရွာသူ/ကျေးရွာသား စုစုပေါင်း (၁၅၆)ဦး တက်ရောက်လေ့လာကြကြောင်း သိရသည်။

သင်္ကြန်ကာလအတွင်း၌ မူးယစ်ဆေးဝါးသုံးစွဲခြင်း နှင့် ယာဉ်မတော်တဆ တိုက်မှုများ မဖြစ်ပေါ်စေရေးအတွက် အဆိုပါ ပူးပေါင်းအဖွဲ့ မှ ပြီးခဲ့သည့် မတ်လ(၂၇)ရက်က တာချီလိတ်မြို့နယ် ဖန်မင်ကျေးရွာအုပ်စု နှင့် လွယ်တော်ခမ်းကျေးရွာ အုပ်စုတို့တွင်လည်း ယခုလို အသိပညာပေး ဟောပြောပွဲများ  ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။

 Tachileik Online News ( www.tachileik.net  ) 
~~~~~~~~~ ကြော်ငြာ ~~~~~~~~~