တာချီလိတ်ခရိုင်အတွင်း ကြက်၊ ငှက်တုတ်ကွေးရောဂါ မဖြစ်ပွားစေရေးအတွက် ခရိုင်မွေးမြူရေးနှင့် ကုသရေး ဦးစီးဌာနမှ ပညာပေးဟောပြောပွဲအား ယနေ့ မတ်လ(၃၀)ရက် နံနက်ပိုင်းက အောင်မြတ်ခန်းမ၌ ကျင်းပခဲ့သည်။
“တစ်ချိန်က အန္တရာယ်မပေးတတ်လို့ သတိမထားမိတဲ့ ရောဂါဟာ အခုအချိန်မှာ ပေါ်ပေါက်လာတဲ့ ရောဂါဆန်းတွေကြောင့် လူတွေကို ဒုက္ခပေးနိုင်တဲ့ ရောဂါဖြစ်လာပြီး အားလုံးပါဝင်ပူးပေါင်းပြီး ကြိုတင်ကာကွယ်ရမှာဖြစ်ပါတယ်”ဟု မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးမှူး ဦးထွန်းထွန်းဝင်းမှ ပြောကြားသည်။
ကမ္ဘာတွင် (၂၀)ရာစုနှစ် တစ်ခုအတွင်းမှာ ရောဂါကူးစက်မှုကြောင့် လူသန်းပေါင်း (၅၀)ခန့် သေဆုံးခဲ့ကြောင်း၊ အရှေ့တောင်အာရှဒေသတွင်း ထိုင်း၊ ဗီယက်နမ်နှင့် ကမ္ဘောဒီယား၊ မလေးရှား နိုင်ငံများတွင် ကူးစက်မှု ပြင်းထန်ခဲ့ကြောင်း၊ မြန်မာနိုင်ငံတွင် ၂၀၁၄ ခုနှစ်အတွင်း စစ်ကိုင်းတိုင်း ဒေသကြီးတွင် ကူးစက်မှုဖြစ်ပွားခဲ့ကြောင်းနှင့် ကြိုတင်ကာကွယ်ရေး အတွက် အားလုံးပူးပေါင်း ပါဝင်ရန်လိုအပ်ကြောင်း ၎င်းမှ အခမ်းအနားတွင် အဖွင့်အမှာစကား ပြောသည်။
“ဟောင်လိတ်၊ တာလေ၊ ကျိုင်းလပ်ဒေသများတွင် ကြက်ငှက်တုတ်ကွေးလို့ ယူဆရတဲ့ ရောဂါပိုးကို (၂၀၀၉)ခုနှစ်က တွေ့ရှိခဲ့ပါတယ်၊ ရောဂါဖြစ်ပွားတယ်လို့ ယူဆရင် သက်ဆိုင်ရာကို အမြန်ဆုံး အကြောင်းကြားစေချင်ပါတယ်”ဟု ခရိုင် မွေးမြူရေးနှင့်ကုသရေး ဦးစီးဌာနမှ ဒေါက်တာ စံထွန်းဝေမှ ပြောကြားသည်။
ကြက်၊ ငှက်တုတ်ကွေးသည် ကြက်၏ ခန္ဓာကိုယ်မှ ထွက်သော အရည်များတွင် ပိုးပါဝင်မှု အများဆုံး ဖြစ်ကြောင်း၊ ရောဂါကာကွယ်ဆေး ရှိသော်လည်း အကန့်အသတ်ကြောင့် အားလုံးရရှိနိုင်ခြင်း မရှိကြောင်း ထို့ကြောင့် ကာကွယ်ရန်လိုအပ်ကြောင်း ၎င်းမှပြောသည်။
ကြက်များအား ကြက်၊ ငှက်တုတ်ကွေးရောဂါ မဖြစ်ပွားစေရေးအတွက် ချစ်ကြည်ရေးတံတား အမှတ်(၁)နှင့် (၂)ပေါ်တွင် တိရိစ္ဆာန် ကျန်းမာရေး စောင့်ကြည့် စစ်ဆေးရေးစခန်းဖွင့်လှစ်ပြီး စစ်ဆေး ဆောင်ရွက်မှုများ ပြုလုပ်လျှက်ရှိကြောင်းနှင့် ဒေသတွင်း ကြက်သားတင်သွင်းမှု နေ့စဉ်ပျမ်းမျှကီလို (၁၃၀၀)ခန့် ရှိကြောင်း သိရသည်။