၁၈၈၂ ခုနှစ်က စတင်တွေ့ရှိခဲ့သည့် တီဘီရောဂါ နှင့် ပတ်သက်၍ ကမ္ဘာ့တီဘီရောဂါ တိုက်ဖျက်ရေးနေ့ တာချီလိတ်၌ ကျင်းပ

၁၈၈၂ ခုနှစ်က စတင်တွေ့ရှိခဲ့သည့် တီဘီရောဂါ နှင့် ပတ်သက်၍ ကမ္ဘာ့တီဘီရောဂါ တိုက်ဖျက်ရေးနေ့ တာချီလိတ်၌ ကျင်းပ
ဧပြီ 3, 2015
By Tachileik News Agency

၂၀၁၅ခုနှစ်၏ ကမ္ဘာ့တီဘီရောဂါ တိုက်ဖျက်ရေးနှင့် အထိမ်းအမှတ်အဖြစ် ရှမ်းပြည်နယ် အရှေ့ပိုင်းဒေသ တာချီလိတ်ခရိုင်၊ တာချီလိတ်ပြည်သူ့ ဆေးရုံဝင်းရှိ မိခင်နှင့်ကလေးစောင့်ရှောက်ရေး အသင်းရုံးရှိ အစည်းအဝေး ခန်းမ၌ ယနေ့ ဧပြီလ(၃)ရက်၊ နံနက် (၉)နာရီက ကျင်းပပြုလုပ်သည်။

အခမ်းအနားတွင် "တီဘီရောဂါဖြစ်ပွားသည့် ပိုးကို (၁၈၈၂)ခုနှစ်က ဂျာမန်သိပ္ပံ ပညာရှင် ဒေါက်တာ ရောဘတ်ကော့(ခ်ျ)က စတင်တွေ့ရှိခဲ့ခြင်း ဖြစ်ကြောင်း၊ ၎င်းကို ဂုဏ်ပြုသော အားဖြင့် နှစ်စဉ် မတ်လ(၂၄)ရက်နေ့ကို ကမ္ဘာ့ တီဘီရောဂါ တိုက်ဖျက်ရေးနေ့ အဖြစ် ကျင်းပပြုလုပ်ရန် ကမ္ဘာ့ ကျန်းမာရေး အဖွဲ့အစည်းက သတ်မှတ်ပေးခဲ့ကြောင်းနှင့် မြန်မာနိုင်ငံ အပါအ၀င် ကမ္ဘာနှင့်အ၀ှမ်း နှစ်စဉ် ကျင်းပပြုလုပ်လျက်ရှိကြောင်း" တာချီလိတ်ခရိုင် အုပ်ချုပ်ရေးမှူး ဦးတင်ဝင်းရွှေ က အဖွင့်အမှာ စကားအဖြစ် ပြောကြားသည်။

ထို့နောက် ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၏ ၂၀၁၅ခုနှစ် ကမ္ဘာ့တီဘီရောဂါ တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် အခမ်းအနားဖွင့်ပွဲ မိန့်ခွန်းအား ခရိုင်ကျန်းမာရေးဦးစီးဌာနမှူး
ဒေါက်တာ မျိုးမင်းက ဖတ်ကြားပြီး ၊ ခရိုင်တီဘီရောဂါတိုက်ဖျက်ရေးအဖွဲ့မှ အဖွဲ့ခေါင်းဆောင်
ဒေါက်တာ ကံဦးအောင်က တီဘီရောဂါအကြောင်း သိကောင်းစရာများနှင့် ပတ်သက်၍ ရှေ့လုပ်ငန်းစဉ်များကို ပရိုဂျက်တာဖြင့် အကျယ်တ၀င့် ရှင်းလင်းတင်ပြသည်။

အခမ်းအနားသို့ တက်ရောက်လာသည့် ခရိုင်အုပ်ချုပ်ရေးမှူး ဦးတင်ဝင်းရွှေ နှင့် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းဝင်းတို့က တီဘီရောဂါကြိုတင်ကာ ကွယ်ရေးနှင့် ရောဂါရှာဖွေတိုက်ဖျက်ရေး ရှေ့ဆက်လက် ဆောင်ရွက်မည့် လုပ်ငန်းများအား ပေါင်းစပ်စီမံ ပေးနိုင်မည့် အစီအစဉ်များနှင့် ပတ်သက်၍ ရှင်းလင်း ဆွေးနွေးပေးခဲ့ကြောင်း သိရသည်။

သတင်း။   ။ ဝေယံလင်း

 Tachileik Online News ( www.tachileik.net  ) 
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~