သင်္ကြန်ကာလအတွင်း မူးယစ်သောက်စားကာ ယာဉ်မတော်တဆ တိုက်မှုများ မဖြစ်ပွားစေရေးနှင့် စည်းကမ်းမဲ့ယာဉ်များအား တားမြစ်အရေးယူသွားနိုင်ရေး တို့အတွက် တာချီလိတ်ခရိုင် ယာဉ်စည်းကမ်း ထိန်းသိမ်းရေး ကြီးကြပ်မှုကော်မတီမှ အသိပေးနှိုးဆော်ထားရှိကြောင်း တာချီလိတ်ယာဉ်ထိန်းရဲတပ်ဖွဲ့မှ သိရသည်။
တာချီလိတ်ခရိုင် ယာဉ်စည်းကမ်း ထိန်းသိမ်းရေး ကြီးကြပ်မှုကော်မတီ၏ ထုတ်ပြန်ကြေညာထားချက်အရ သင်္ကြန်ကာလအတွင်း မော်တော်ဆိုင်ကယ် မောင်းနှင်စီးနင်းရာတွင် ဆိုင်ကယ်စီး ဦးထုပ်ဆောင်း၍ မေးသိုင်းကြိုးတပ်ရန်၊ မူးယစ်သောက်စား၍ မောင်းနှင်ခြင်း မပြုရန်၊ ယာဉ်ကြောပြောင်းပြန်မောင်းနှင်ခြင်း မပြုရန်၊ မော်တော်ဆိုင်ကယ်များအား အိပ်ဇောဖြုတ်မောင်းနှင်ခြင်း၊ စက်သံဆူညံစွာဖြင့် ပါဝင်အိပ်ဇောတပ်၍ မောင်းနှင်ခြင်း၊ သံစုံဟွန်းများ တပ်ဆင်မောင်းနှင်ခြင်းများ မပြုရန် နှင့် ယာဉ်နှင့်ဆိုင်ကယ်များတွင် ညစ်ညမ်းစာသားများ ဆိုင်းဘုတ်၊ ပန်းချီ၊ ရုပ်ပုံ နှင့် အခြားမသင့်လျော်သော ပစ္စည်းများ ရေးသားချိတ်ဆွဲပြီး မောင်းနှင်ခြင်းမပြုရန် စသည့် စည်းကမ်းများ ထုတ်ပြန်ထားကြောင်း သိရသည်။
"သင်္ကြန်ကာလ အတွင်းမှာ ဆိုင်ကယ်တွေကို ပါဝါအိပ်ဇောတပ်မောင်းတာတွေ အသံကျယ်လောင်စေတဲ့ ကိရိယာတွေ တပ်ဆင်ပြီး မမောင်းဖို့ အထူးသတိပေးနေသလို သတိပေး လက်ကမ်းကြော်ငြာ စာရွက်လည်း လိုက်လံဝေမှာ ဖြစ်ပါတယ်.."ဟု အမှတ်(၆၄) ယာဉ်ထိန်းရဲတပ်ဖွဲ့စု၊ တပ်စိတ်(၂)တာချီလိတ် ယာဉ်ထိန်းရဲတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက တာချီလိတ်အွန်လိုင်းသို့ ပြောသည်။
တာချီလိတ်မြို့တွင် ပြီးခဲ့သည့် ၂၀၁၄ခုနှစ် သင်္ကြန်ကာလအတွင်းက ယာဉ်မတော် တဆတိုက်မှုများကြောင့် အမျိုးသားတစ်ဦး၊ အမျိုးသမီးတစ်ဦး စုစုပေါင်း(၂)ဦး သေဆုံးခဲ့ရသည့် အတွက် ယခုနှစ် သင်္ကြန်ကာလ အတွင်း အရက်သေစာ နှင့် မူးယစ်ဆေးဝါးသုံးစွဲ၍ ယာဉ်မောင်းနှင်မှုများနှင့် ယာဉ် မတော်တဆမှုများကြောင့် အသက်ဆုံးရှုံးမှုများ မဖြစ်ပေါ်စေရန် အတွက် ယခုလိုကြိုတင်၍ အသိပေး နှိုးဆော်တာဖြစ်ကြောင်း တာချီလိတ်ယာဉ်ထိန်းရဲတပ်ဖွဲ့မှ သိရသည်။