ထိုင်းနိုင်ငံ (မြောက်ပိုင်း) ချင်းရိုင်းခရိုင် မယ်ဖာ့လုံတက္ကသိုလ် ( Mae Fah Luang University ) တွင် Myanmar Culture Day and Exhibition မြန်မာ့ရိုးရာ ယဉ်ကျေးမှုပြပွဲအား ဧပြီလ(၃)ရက် ညနေပိုင်းက ကျင်းပပြုလုပ်ရာ ရှေးဦးစွာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အလံနှင့် ထိုင်းနိုင်ငံ အလံတို့အား အလေးပြုကြကာ President Assoc. Prof. Dr Vanchai Sirichana မှ ဂုဏ်ပြု အမှာစကားပြောကြားပြီး ထူးချွန်မြန်မာကျောင်းသူကျောင်းသားများအား ဆုများ ပေးအပ်ချီးမြှင့်သည်။
ထို့နောက် နိုင်ငံတကာ ကျောင်းသူကျောင်းသားများ ကိုယ်စား မလေးရှားနိုင်ငံမှ Mr.Muhammad Khalid Wardana က မြန်မာနိုင်ငံအပေါ် သဘောထား သုံးသပ်ချက် စာတမ်းအားဖတ်ကြားဆွေးနွေးပြီး မြန်မာကျောင်းသူတစ်ဦးမှ မြန်မာ့ရိုးရာ မဟာသင်္ကြန်ပွဲတော် အကြောင်းရှင်းလင်းတင်ပြသည်။
ဆက်လက်ပြီး မြန်မာကျောင်းသူ၊ ကျောင်းသားလေးများမှ ရှမ်းတိုင်းရင်း သားယဉ်ကျေးမှုအက ၊ သင်္ကြန်ယိမ်း ၊ ယောင်ပေစူး ၊ ဦးရွှေရိုးနှင့်ဒေါ်မိုး စသည့် မြန်မာ့ယဉ်ကျေးမှု အဆိုအကများဖြင့် ဖျော်ဖြေ တင်ဆက်ကြကာ တက်ရောက်လာကြသော ဧည့်ပရိသတ်များအား မြန်မာ့ရိုးရာအစားအစာများဖြစ်သည့် မုန့်ဟင်းခါး ၊ မုန့်လုံးရေပေါ် ၊ မုန့်လက်ဆောင်းစသည့် ရိုးရာအစားအစာများဖြင့် ဧည့်ခံကျွေးမွေးပြီး အတာရေသဘင်ပွဲတော်အား ဆင်နွှဲကြသည်။
အဆိုပါ မယ်ဖာ့လုံတက္ကသိုလ်တွင် မြန်မာကျောင်းသူကျောင်းသား သုံးရာကျော်တက်ရောက်
ပညာသင်ယူလျှက်ရှိကြောင်းလည်း သိရှိရသည်။
သတင်း။ ။ မောင်ယဉ်ကျေး
ဓါတ်ပုံ ။ ။ စိုးထွန်းနိုင် ၊ ဦးထွန်း(မယ်ဆိုင်)