ထိုင်းနိုင်ငံ မယ်ဆိုင်မြို့တွင် မြန်မာအမျိုးသမီး၏ စက်ဘီးခြင်းထဲမှ ပိုက်ဆံအိတ် လုယက်ခံရ

ထိုင်းနိုင်ငံ မယ်ဆိုင်မြို့တွင် မြန်မာအမျိုးသမီး၏ စက်ဘီးခြင်းထဲမှ ပိုက်ဆံအိတ် လုယက်ခံရ
ဧပြီ 4, 2015
By Tachileik News Agency

တာချီလိတ်မြို့နှင့် အနီးစပ်ဆုံးဖြစ်သည့် ထိုင်းနိုင်ငံ မယ်ဆိုင်မြို့သို့ မြန်မာအမျိုးသမီးတစ်ဦးသည် စက်ဘီးဖြင့် သွားရောက်ရာမှ  စက်ဘီးခြင်းအတွင်း၌ ထိုင်းငွေနှင့်မြန်မာငွေ ပါဝင်သည့် ပိုက်ဆံအိတ်အား ထည့်ကာ စက်ဘီးစီး၍ သွားနေရာ အမည်မသိသူ ဆိုင်ကယ်သမားတစ်ဦးမှ ပိုက်ဆံအိတ်အား လုယူ ထွက်ပြေးသွားသည့် ဖြစ်စဉ်တစ်ခု ယနေ့ ၂၀၁၅ခုနှစ် ဧပြီလ(၄)ရက် နံနက်ပိုင်း (၁၀း၃၀)နာရီဝန်းကျင်က မယ်ဆိုင်မြို့ အတွင်းမှာပင် ဖြစ်ပွားခဲ့ကြောင်း တာချီလိတ်မြို့ရှိ CNCMC ကော်မတီမှ သိရသည်။

ပိုက်ဆံအိတ် လုယက်ခံလိုက်ရသည့် ဒေါ်ခင်သန်းအေးသည် တာချီလိတ်မြို့ ရန်အောင်မြေရပ်ကွက်၊ နယ်မြေ(၃)တွင် နေထိုင်သူဖြစ်ပြီး တာချီလိတ်မြို့မှ တဆင့် မယ်ဆိုင်မြို့ မယ့်လုံးခွန်ရပ်ကွက်၊ စာသင်ကျောင်းလမ်းကြား အရောက်တွင် အမည်မသိ ဆိုင်ကယ်မောင်းလာသူ တစ်ဦးက ၎င်း၏ စက်ဘီးခြင်းထဲတွင် ထိုင်းဘတ်ငွေ (၁၅၀၀၀)ဘတ် နှင့် မြန်မာကျပ်ငွေ(၄၀၀၀၀) အပြင် နိုင်ငံသားမှတ်ပုံတင် နှင့် ယာယီနယ်စပ်ကူးလက်မှတ် ထည့်ထားသည့် ပိုက်ဆံအိတ်အား လုယူ ထွက်ပြေးသွားသည့် အတွက် CNCMC ကော်မတီ၏ မယ်ဆိုင်တာဝန်ခံဖြစ်သူ ဦးထွန်း ထံ တဆင့် အကူအညီ တောင်းလာကြောင်း သိရသည်။

CNCMC ကော်မတီ၏ မယ်ဆိုင်တာဝန်ခံဖြစ်သူ ဦးထွန်းက"အခုလို ဖြစ်စဉ်နဲ့ ပတ်သက်ပြီးတော့ ပိုက်ဆံအိတ်ကို စက်ဘီးခြင်းထဲကနေ လုယက်ခံရကြောင်း ကျွန်တော့ကို ဆက်သွယ်အကူအညီ တောင်းလာလို့ ကျွန်တော်လည်း ကာယကံရှင်ကို မယ်ဆိုင်ရဲစခန်းခေါ်သွားပြီး အမှုဖွင့်ပေးလိုက်ပါတယ်.."ဟု တာချီလိတ်အွန်လိုင်းသို့ ပြောသည်။

"မယ်ဆိုင် ရဲစခန်းကတော့ ပြောပါတယ်၊ ဒီလိုဖြစ်စဉ်မျိုး အရင်က တစ်ခုမှ မဖြစ်ဖူးဘူးတဲ့၊ ဒါပထမဆုံးပဲလို့ ပြောတဲ့အပြင် အခုလို ဖြစ်တာကလည်း အကြောင်းသိထဲက ဖြစ်နိုင်ချေရှိတယ်လို့လည်း ပြောလာတယ်၊ သူတို့အနေနဲ့ကတော့ ဒီကိစ္စနဲ့ ပတ်သက်ပြီး စုံစမ်းပေးပါ့မယ်၊ ထူးခြားရင် ဖုန်းဆက်ပြောပါ့မယ်လို့  ပြောလိုက်တယ်.."ဟု ၎င်းမှ ဆက်လက်ပြောပြသည်။

"ဘာဘဲဖြစ်ဖြစ် ကျွန်တော်တို့ မြန်မာနိုင်ငံသားတွေအနေနဲ့ သတိရှိဖို့လိုပါတယ်၊ ပိုက်ဆံအိတ်တွေကိုလည်း ဆိုင်ကယ်ခြင်းထဲ စက်ဘီးခြင်းထဲ အလွယ်တကူထည့်ပြီး မသွားလာဖို့ လိုသလို၊ အခုလို ဖြစ်စဉ်မျိုး ဖြစ်တာနဲ့ ဆိုင်ကယ်ဖြစ်ဖြစ်၊ ကားဖြစ်ဖြစ် နံပါတ်ကို သေသေချာချာ မှတ်ထားဖို့လိုပါတယ်"ဟု ဦးထွန်းမှ အသိပေးပြောကြားလာသည်။

#TachileikNewsAgency
#TachileikOnlineNews
www.tachileik.net
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~