တစ်ပိုင်တစ်နိုင် လုပ်ကိုင်စားသောက်နေကြသူများနှင့် စီးပွားရေး လုပ်ငန်းရှင်များ အနေဖြင့် တရားမ၀င်သော နည်းလမ်းများဖြင့် တင်သွင်းလာသည့် စားသုံးကုန် ပစ္စည်းများကို တာချီလိတ် Mobile Team အဖွဲ့မှ ဖမ်းဆီး သိမ်းဆည်းခဲ့ပြီး မြို့နယ်အကောက်ခွန်ရုံးတွင် ဆက်လက်အရေးယူ ဆောင်ရွက်ထားရှိသည့် တန်ဖိုးငွေ ကျပ်(၁၇၇.၂၂၅)သန်းခန့် တန်ဖိုးရှိ စားသုံးကုန်ပစ္စည်းများကို မီးရှို့ဖျက်ဆီးမှုအဖြစ် ၂၀၁၅ခုနှစ် ဧပြီလ(၁၀)ရက်နေ့ နံနက်ပိုင်းက တာချီလိတ်မြို့ လေယာဉ်ကွင်းအနီးရှိ မြေကွက်လပ်တွင် ပြုလုပ်ခဲ့သည်။
ဖမ်းဆီးသိမ်းဆည်းထားသော စားသုံးကုန်ပစ္စည်းများတွင် အဓိကအားဖြင့် အရက်၊ ဘီယာ၊ ၀ိုင်အမျိုးမျိုး နှင့် အထွေထွေ စားသောက်ကုန် ပစ္စည်းများ ပါဝင်ကြောင်း သိရသည်။
စားသုံးကုန်ပစ္စည်းများအား ဖျက်ဆီးသည့် အခမ်းအနားသို့ တာချီလိတ်ခရိုင် အုပ်ချုပ်ရေးမှူး ဦးတင်ဝင်းရွှေ ၊ ကူးသန်းရောင်းဝယ်ရေးနှင့် စားသုံးသူရေးရာဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးမြင့်သူရ ၊ ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယ ရဲမှူးကြီး ၀င်းထွန်း၊ မြို့နယ်စည်ပင်သာယာရေးကော်မတီ အတွင်းရေးမှူး ဦးကျော်ဇင်၊ မြို့နယ်အကောက်ခွန် ဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးကျော်ညွန့်အောင် ၊ နယ်စပ်ကုန်သည်ကြီးများ အသင်း ဥက္ကဋ္ဌ ဦးမြင့်ဦး နှင့် ဌာနဆိုင်ရာများ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များ တက်ရောက်ပြီး တာဝန်ရှိသူများက ဖျက်စီးခဲ့ကြောင်း သိရသည်။
သတင်း။ ။ ဝေယံလင်း
ဓါတ်ပုံ။ ။ ရာဆေး