ရှမ်းပြည်နယ် အရှေ့ပိုင်းဒေသ၊ တာချီလိတ်ခရိုင်၊ တာချီလိတ်မြို့နယ်တွင် ၁၃၇၆ ခုနှစ်၊ မြန်မာ့ရိုးရာ
ယဉ်ကျေးမှု မဟာသင်္ကြန်ပိတ်ပွဲ အခမ်းအနားကို ဆန်ဆိုင်း(ခ)ရပ်ကွက်၊ ဗိုလ်ချုပ်လမ်းမကြီးဘေး၊ ရှမ်းရိုးမကွင်းရှိ ဗဟိုမဏ္ဍပ်၌ ယနေ့ ဧပြီလ (၁၆)ရက် ၊ ညနေ(၅)နာရီခွဲအချိန်က ကျင်းပသည်။
ရှေးဦးစွာ သင်္ကြန်ယိမ်းအဖွဲ့များအား ဆုရွေးချယ်ရေး ဒိုင်များကိုယ်စား ဒိုင်အဖွဲ့ဝင် ခရိုင်စိုက်ပျိုးရေး ဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးလှဝင်းက ဆုရွေးချယ်ခြင်းနှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြားပြီး၊ ပြိုင်ပွဲဆုရ အသင်းများအား စစ်ဗျူဟာ အဖွဲ့(အခြေချ)တာချီလိတ်မှ စစ်ဗျူဟာမှူး ဗိုလ်မှူးကြီးကိုကိုဦး၊ ခရိုင် ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး ၀င်းထွန်း၊ မြို့နယ် စည်ပင်သာယာရေးကော်မတီ အတွင်းရေးမှူး ဦးကျော်ဇင်၊ မြို့နယ်ဖွံ့ဖြိုးတိုးတက်ရေးအထောက်အကူပြုကော်မတီ ဥက္ကဋ္ဌ ဦးကြည်မြင့်၊ ရှမ်းပြည်နယ် (အရှေ့ပိုင်း) သတ္တုလုပ်ငန်းရှင်းများအသင်း ဥက္ကဋ္ဌ ဦးမြင့်ဦး နှင့် တာဝန်ရှိသူများက ဆုများချီးမြှင့်ပေးသည်။
ဆက်လက်၍ မဟာသင်္ကြန်မယ်ရွေးချယ်ခြင်းစပ်လျဉ်းပြီး သင်္ကြန်မယ်ရွေးချယ်ရေး ဒိုင်ချုပ်ဖြစ်သူ ခရိုင်စီမံကိန်း ရေးဆွဲရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးမင်းသိမ်း က ရှင်းလင်းပြောကြားပြီး၊ ရုပ်ရှင်သရုပ်ဆောင် သန်းသန်းစိုးက သင်္ကြန်မယ်ဆုရရှိသည့် စာရင်းကို ဖတ်ကြားပြကာ ဆုရရှိသည့် မိုင်းကိုး နှင့် ဖန်မင်ကျေးရွာအုပ်စုကိုယ်စားပြု ယိမ်းအဖွဲ့မှ မဥမ္မာဝင်းအား နိုင်ငံတော်သမ္မတ၏ နိုင်ငံ့ စွမ်းဆောင်ရည်ဆု၊ မွေးမြူထုတ်လုပ်ရေး အကောင်းဆုံးဆုရ ဒေါ်နီနီစိုး (ကျောက်စိမ်းကန် )က သင်္ကြန်မယ် ဆုတံဆိပ်၊ သရဖူ၊ စလွယ်နှင့် ငွေသားဆု များကို ချီးမြှင့်ပေးသည်။
ထို့နောက် ခရိုင်စီမံခန့်ခွဲမှုကော်မတီ အတွင်းရေးမှူး ခရိုင်လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသား မှတ်ပုံတင်ရေး ဦးစီးဌာနမှူး ဒုတိယညွှန်ကြားရေးမှူး ဦးကျော်စွာလွင်က မြန်မာသက္ကရာဇ် ၁၃၇၇ခုနှစ် ၊ နှစ်သစ်ကူး ကြိုဆိုနှုတ်ခွန်း ဆက်စကားပြောကြားပြီး၊ ခရိုင်စီမံခန့်ခွဲမှုကော်မတီ ဥက္ကဋ္ဌ ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးတင်ဝင်းရွှေက ၁၃၇၆ ခုနှစ် မြန်မာ ရိုးရာ မဟာသင်္ကြန် ပွဲတော် ပိတ်သိမ်းကြောင်း ကြေငြာပြီးနောက် ယိမ်းအဖွဲ့များက “ မြနန္ဒာ”တေးသီချင်းဖြင့် သီဆိုကပြ ဖျော်ဖြေပိတ်သိမ်းပေးသည်။
ယခုနှစ် တာချီလိတ်မြို့ မဟာသင်္ကြန်ပွဲတော်ကာလအတွင်း နေ့၊ ညအလိုက် သင်္ကြန်ယိမ်း အဖွဲ့(၁၃)ဖွဲ့ တို့က ကပြဖျော်ဖြေခြင်း၊ (၁၂)ဖွဲ့မှယှဉ်ပြိုင်ခြင်းများအဖြစ် ပျော်ရွှင်စွာ ဆင်နွှဲခဲ့ရာ အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန ကိုယ်စားပြုယိမ်းအဖွဲ့က ပထမဆု၊ မကာဟိုခမ်းရပ်ကွက်နှင့် ရန်အောင်မြေရပ်ကွက် ကိုယ်စားပြု ယိမ်းအဖွဲ့က ဒုတိယဆု၊ မိုင်းကိုးကျေးရွာအုပ်စု နှင့် ဖန်မင်ကျေးရွာ အုပ်စုကိုယ်စားပြု ယိမ်းအဖွဲ့ နှင့် ခမရ(၃၃၁)ကိုယ်စားပြု ယိမ်းအဖွဲ့တို့က တတိယဆုတို့ အသီးသီးရရှိပြီး၊ပထမဆုအား ငွေကျပ်(၅)သိန်း၊ ဒုတိယဆုအားငွေကျပ်(၄)သိန်း၊ တတိယဆုအား ငွေကျပ်(၃)သိန်းစီ၊ အထူးဆု အဖြစ်ငွေကျပ်(၁)သိန်းစီ အား ချီးမြှင့်ပေးခဲ့ကြောင်း သိရသည်။
သတင်း။ ။ ဝေယံလင်း
ပုံများကိုကြည့်ရန်
#TachileikOnlineNews
www.tachileik.net ❂⊱