မြန်မာ့နှစ်ဆန်း (၁)ရက်နေ့ တာချီလိတ်မြို့တွင် ဇီဝိတဒါန စုပေါင်း ငါးလွှတ်ပွဲအဖြစ် ငါးအကောင်ရေ (၃၀၀၀)ကျော် ဘေးမဲ့ပေး

မြန်မာ့နှစ်ဆန်း (၁)ရက်နေ့ တာချီလိတ်မြို့တွင် ဇီဝိတဒါန စုပေါင်း ငါးလွှတ်ပွဲအဖြစ် ငါးအကောင်ရေ (၃၀၀၀)ကျော် ဘေးမဲ့ပေး
ဧပြီ 17, 2015
By Tachileik News Agency

ရှမ်းပြည်နယ် အရှေ့ပိုင်းဒေသ၊ တာချီလိတ်ခရိုင် တာချီလိတ်မြို့၌ မြန်မာသက္ကရာဇ် ၁၃၇၇ ခုနှစ်၊ နှစ်ဆန်း (၁)ရက်နေ့၊ ဧပြီလ(၁၇)ရက်၊ နံနက် (၇)နာရီ အချိန်က မယ်ခေါင်ရပ်ကွက်၊ အမှတ်(၂) မြန်မာ - ထိုင်း ချစ်ကြည်ရေး တံတားအနီး ၊ မယ်ခေါင်ချောင်းတွင် ဇီဝိတဒါနအဖြစ် ငါးအကောင်ပေါင်း(၃၀၀၀)ကျော်ကို စုပေါင်း ငါးလွှတ်ပွဲအဖြစ် ကျင်းပခဲ့ကြသည်။

အဆိုပါ ဇီဝိတဒါနငါးလွှတ်ပွဲတွင် ခရိုင်အုပ်ချုပ်ရေးမှူး ဦးတင်ဝင်းရွှေ ဦးဆောင်သည့် ခရိုင်အဆင့် ဌာနဆိုင်ရာများ၊ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းဝင်း ဦးဆောင်သည့် မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ မြို့နယ်ဖွံ့ဖြိုးတိုးတက်ရေး အထောက်အကူပြု ကော်မတီ ဥက္ကဋ္ဌ ဦးကြည်မြင့် နှင့်အဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာယာရေးကော်မတီ အတွင်းရေးမှူး ဦးကျော်ဇင် နှင့် အဖွဲ့ဝင်များ၊ ခရိုင် နှင့် မြို့နယ် အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ ခရိုင်နှင့်မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ နိုင်ငံရေးပါတီများ၊ လူမှုရေးအသင်းအဖွဲ့များ တက်ရောက်ပြီး ငါးအကောင်ရေ (၃၀၀၀)ကျော်ကို တစ်ပျော်တစ်ပါး စုပေါင်းကာ လွှတ်ပေးခဲ့ကြသည်။

တာချီလိတ်တွင် နှစ်ဆန်း(၁)ရက်နေ့ ရောက်တိုင်း ယခုလို  ဇီဝိတဒါနအဖြစ် ငါးလွှတ်ခြင်း၊ငှက်လွှတ်ခြင်းများကို ပြုလုပ်လေ့ ရှိရာ အမှတ်(၂) မြန်မာ - ထိုင်း ချစ်ကြည်ရေး တံတားအနီး ၊ မယ်ခေါင်ချောင်းတွင် ငါးများကို မိသားစုလိုက်သော်လည်းကောင်း၊ အစုအဖွဲ့လိုက်သော်လည်းကောင်း၊ သီးခြားအလိုက်သော်လည်းကောင်း လာရောက်၍ ဘေးမဲ့လွှတ်နေတာကိုလည်း တွေ့ရှိရသည်။

သတင်း။ ။ ဝေယံလင်း

ပုံများကိုကြည့်ရန်
စုပေါင်းငါးလွှတ်ပွဲ၌ ငါးအကောင်ရေ (၃၀၀၀)ကျော် ဘေးမဲ့ပေး

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  

~~~~~~~~~ ကြော်ငြာ ~~~~~~~~~