တာချီလိတ်ခရိုင်၊ တာချီလိတ်မြို့ နှင့် မိုင်းယောင်းမြို့တို့၌ သင်္ကြန်ကာလအတွင်း ယာဉ်မတော်တဆမှု နှင့် ရေနစ်သေဆုံးမှုတို့တွင် သေဆုံးသူ (၂)ဦးရှိခဲ့

တာချီလိတ်ခရိုင်၊ တာချီလိတ်မြို့ နှင့် မိုင်းယောင်းမြို့တို့၌ သင်္ကြန်ကာလအတွင်း ယာဉ်မတော်တဆမှု နှင့် ရေနစ်သေဆုံးမှုတို့တွင် သေဆုံးသူ (၂)ဦးရှိခဲ့
ဧပြီ 17, 2015
By Tachileik News Agency

ရှမ်းပြည်နယ် အရှေ့ပိုင်းဒေသ၊ တာချီလိတ်ခရိုင်တစ်ခုလုံးတွင် သင်္ကြန်ကာလအတွင်း ယာဉ်မတော်တဆ တိမ်းမှောက်မှုကြောင့် အသက်(၂၅)နှစ်ဝန်းကျင် အမျိုးသားတစ်ဦး နှင့် အသက်(၁၃)နှစ်အရွယ်ရှိ ယောကျာ်းလေးတစ်ဦး ရေနစ်သေဆုံးမှု အဖြစ် စုစုပေါင်း လူ(၂)ဦး သေဆုံးခဲ့ကြောင်း တာချီလိတ်ခရိုင် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ သိရသည်။

( ဓါတ်ပုံ၊  ။ တာချီလိတ်နာရေးကူညီမှုအသင်း )

ယာဉ်မတော်တဆတိမ်းမှောက်မှုနှင့် ပတ်သက်၍ သင်္ကြန်အကြတ်နေ့ ဧပြီလ(၁၅)ရက်နေ့ ညနေ (၃း၃၀)နာရီအချိန်တွင် တာချီလိတ်မြို့ ၀မ်လုံးကျေးရွာအုပ်စု၊ ဟွေခိုက်ရွာလမ်း အကွေ့၌ အမည်မသိ အမျိုးသားတစ်ဦးသည် မော်တော်ဆိုင်ကယ်အား အရှိန်မထိန်းနိုင်ဘဲ လမ်းဝဲဘက်ခြမ်းသို့ တိမ်းမှောက်ခဲ့ရာမှ ဒဏ်ရာရရှိကာ သတိလစ်နေသည့်အတွက် တာချီလိတ် ဆေးရုံကြီးတွင် အတွင်း လူနာအဖြစ် တက်ရောက် ကုသထားရှိရာမှ ည(၉း၃၀)နာရီအချိန်၌ ကွယ်လွန်သွားကြောင်း သိရသည်။

ရေနစ်သေဆုံးမှုနှင့် ပတ်သက်၍ သင်္ကြန်အတက်နေ့ဖြစ်သည့် ဧပြီလ(၁၆)ရက် ညနေ(၃)နာရီဝန်းကျင်က တာချီလိတ်ခရိုင်၊ မိုင်းယောင်းမြို့နယ်၊ အမှတ်(၈)ရပ်ကွက်၌ နေထိုင်သူ အသက်(၁၃)နှစ်ရှိ စိုင်းခမ်းလွတ်သည် နမ့်ယောင်းချောင်းအတွင်း ရေဆော့ကစားရာမှ ရေနစ်သေဆုံးမှု ဖြစ်ပွားခဲ့ကြောင်းနှင့် ရေနစ်သေဆုံးမှု နှင့် ပတ်သက်၍ မိုင်းယောင်းမြို့မရဲစခန်းတွင် သေမှုသေခင်း အမှတ်စဉ် ၅/၂၀၁၅ဖြင့် အမှုဖွင့်လှစ်ထားရှိကြောင်း မိုင်းယောင်း ပြန်/ဆက်မှ သိရသည်။

"'ဒီနှစ် သင်္ကြန်အတွင်း တာချီလိတ်မြို့မှာ ရေနစ်သေဆုံးမှုတွေ မရှိခဲ့ဘူး၊ အရင်နှစ်ကတော့ နှစ်စဉ်လိုလို အနည်းဆုံး တစ်ယောက်လောက် ရေနစ်သေဆုံးနေကြတာ၊ ဒီနှစ်တော့ တာချီလိတ်မှာ ရေနစ်သေဆုံးမှု မရှိတဲ့အတွက် စိတ်ချမ်းသာပေမဲ့ ခရိုင်အနေနဲ့ဆိုရင်တော့ မိုင်းယောင်းမှာ ကလေးတစ်ဦး ရေနစ်သေဆုံးတယ်လို့ကြားရတော့ စိတ်မကောင်းဖြစ်မိပါတယ်..."ဟု တာချီလိတ်ဒေသခံ ဦးသောင်းညွှန့်က ပြောသည်။

၂၀၁၅ခုနှစ် သင်္ကြန်အတွင်း ရေချောင်းများတွင် ရေနစ်သေဆုံးမှုအဖြစ် တာချီလိတ်ခရိုင်အတွင်း (၁)မှုသာရှိခဲ့ပြီး အမှုဖွင့်လှစ်သည့် ယာဉ်မတော်တဆမှုအဖြစ် (၂)မှုရှိရာ (၁)မှုမှာ ဒဏ်ရာအနည်းငယ်သာ ရရှိခဲ့ပြီး ကျန်(၁)မှုမှာ ဒဏ်ရာရရှိကာ ဆေးကုသရင်း သေဆုံးသွားသည့် အမှုသာရှိကြောင်း နှင့် တာချီလိတ်မြို့နယ်အတွင်း နှစ်စဉ်ဖြစ်ပွားလေ့ရှိသည် ပုန်းထွန်ချောင်း နှင့် မယ်ဟုတ်ချောင်းအတွင်း ရေနစ်သေဆုံးမှုမှာ ယခုနှစ်တွင် မဖြစ်ပွားကြောင်း သိရသည်။

 #TachileikNewsAgency
#TachileikOnlineNews
www.tachileik.net  
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~