တာချီလိတ်၊ မေ လ(၃၀)
ထိုင်းနိုင်ငံ၌ မိုးရာသီတွင် လယ်ယာအတွင်း မယ်ဆိုင်ချောင်း ရေသွင်းစိုက်ပျိုးမှုကြောင့် တာချီလိတ်မြို့ပေါ် ရေကြီးရေလျှံမှု မဖြစ်ပေါ်စေရေးနှင့် ဒေသတွင်း နှစ်နိုင်ငံ ပြည်သူများ၏ လိုအပ်ချက်များအား မေ လ(၃၀)ရက်နေ့တွင် ပြုလုပ်သော (၈၆)ကြိမ်မြောက် မြန်မာ - ထိုင်း နှစ်နိုင်ငံ မြို့နယ်အဆင့် နယ်ခြားကော်မတီ အစည်းအဝေး မစတင်မီ အလွတ်သဘော တွေ့ဆုံမှုတစ်ခုတွင် နှစ်ဖက် တာဝန်ရှိသူများ ဆွေးနွေးခဲ့ကြောင်း သိရသည်။
"အဓိကတော့ တာချီလိတ်ဒေသခံတွေရဲ့ အခက်အခဲတွေနဲ့ပတ်သက်ပြီး အလွတ်သဘောဆွေးနွေးတာပါ၊ ရေကြီးမှုတွေမဖြစ်ဖို့၊ ဆီးစစ်ဆေးတဲ့ ကိစ္စတို့၊ သာမန်ဖြစ်စဉ်နဲ့ ဖမ်းဆီးခံရသူများအပေါ် Blacklist စာရင်းသွင်းတာတို့ စတဲ့ကိစ္စတွေကို အစည်းအဝေးမတိုင်ခင် ညှိနှိုင်းဆွေးနွေးတာပါ။ သူတို့ဘက်ကတော့ တိတိကျကျ ဘာမှတော့ အဖြေမပေးသွားသေးဘူး၊ သက်ဆိုင်ရာနဲ့ ညှိနှိုင်းဆောင်ရွက်ပေးသွားမှာပါ လို့ေ ပြာသွားပါတယ်"ဟု အစည်းအဝေးတက်ရောက်သူတစ်ဦးက ပြောသည်။
အလွတ်သဘောအဖြစ် တာချီလိတ်မြို့ ရွှေနန်းတော်ကုန်တိုက်၌ မေ လ(၃၀)ရက်နေ့ နံနက်(၉)နာရီဝန်းကျင်က တွေ့ဆုံရာ မြန်မာဘက်မှ စစ်ဗျူဟာအဖွဲ့(အခြေချ) တာချီလိတ်၊ စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး ကျော်ကိုထိုက်၊ တာချီလိတ်ခရိုင်အုပ်ချုပ်ရေးမှူး ဦးတင်ဝင်းရွှေ နှင့် တာဝန်ရှိသူများ ပါဝင်ပြီး ထိုင်းဘက်မှ နယ်ခြားကော်မတီဥက္ကဌ ဗိုလ်မှူးကြီး ပါဖတ်ဖုလ်ဖူးဝမ်း နှင့် တာဝန်ရှိသူများမှ အလွတ်သဘော ဆွေးနွေးခဲ့ကြခြင်း ဖြစ်သည်။
မြန်မာဘက်မှ အလွတ်သဘော ဆွေးနွေးရာတွင် တာချီလိတ်ခရိုင်အုပ်ချုပ်ရေးမှူး ဦးတင်ဝင်းရွှေက မြန်မာပြည်သူများအပေါ် လမ်းဘေးများတွင် ဆီးစစ်မှုများ ဆက်လက်ရှိနေသေးသည့် ကိစ္စအား ထည့်သွင်းပြောကြားခဲ့ပြီး၊ ထိုင်းနိုင်ငံအတွင်း တရားမ၀င်နေထိုင်မှုဖြင့် ဖမ်းဆီးခံရပြီး တာချီလိတ်သို့ ပြန်လည်လွှဲပြောင်းပေးလာသော မြန်မာနိုင်ငံသားများအား အမည်မဲ( Blacklist)စာရင်းထည့်သွင်းခြင်း ကိစ္စအား အတတ်နိုင်ဆုံးဖြေလျှော့ပေးရန် ညှိနှိုင်းမှုများပြုလုပ်ခဲ့သည်ဟု သိရသည်။
သတင်း။ ။ ကိုဇက် ၊
ဓာတ်ပုံ။ ။ ကိုဇောင်း ၊
................