ဟံနိုင် - Tachileik News Agency
လဲချား၊ မေလ (၂၄)ရက်
ရှမ်းပြည်နယ်တောင်ပိုင်း လွိုင်လင်ခရိုင် လဲချားမြို့နယ်ရှိ နမ့်တိန်းချောင်းနှင့် ချောင်းလက်တက်များတွင် ငါးဆေး(အဆိပ်)ချခြင်း၊ လျှပ်စစ်ရှော့တိုက်ခြင်း၊ မိုင်းခွဲငါးဖမ်းခြင်းများကြောင့် နှစ်စဉ် ငါးဖမ်းဆီးရမိမှု လျော့နည်းလာနေကြောင်း ဒေသခံများထံမှ သိရသည်။
“မိုင်းတစ်လုံး ပုံမှန် နှစ်ထောင် ။ တိုက်ပွဲဖြစ်တဲ့အချိန်ကတော့ သုံးထောင် ပေးဝယ်ရတယ်။ မိုင်းကတရုတ်က လာတာပဲ။ ယမ်းတောင့်မှာ မိုင်းကပ်သီးစိုက်ပြီး အလွယ်တကူခွဲလို့ရတယ်။ ဝယ်ရတာလည်း လွယ်တယ်။ ပြင်းအားကလည်း ကောင်းတယ်။ အရင်ကဆိုရင် မိုင်းတလုံးခွဲရင် သုံးလေးပိသာရှိတဲ့ ငါးအကောင်တွေ အများကြီးရတယ်။ အခုကလူတိုင်းလိုလို အပျင်းပြေခွဲနေတော့ လေးလုံးလောက်ခွဲတာတောင် တစ်ဆယ်သားကောင်လောက်တောင်ရဖို့ မသေချာတော့ဘူး”ဟု ဒေသခံတဦးက ပြောသည်။
ငါးဖမ်းရန် မိုင်းနှင့် လျှပ်စစ်ရှော့တိုက်ကိရိယာများကို ဒေသတွင်း အလွယ်တကူဝယ်ယူရရှိခြင်း၊ ဖမ်းဆီးအရေးယူမှု မရှိခြင်းတို့ကြောင့် အပျော်တမ်း ငါးဖမ်းဆီးသူများလာသဖြင့် နမ့်တိန်ချောင်းအတွင်း ငါးရှားပါးလာခြင်းဖြစ်သည်ဟု ဒေသခံများထံမှ သိရသည်။
“ငါးရှော့စက်တွေက အရင်နှစ်တွေကဆို ဈေးကြီးပြီး ဝယ်ဖို့ခက်တယ်။ အခုတော့ တရုတ်ပြည်က ပါဝါမြင့်ရှော့စက်တွေ ဝင်လာတယ်။ လိုသလောက် အချိန်မရွေး ဝယ်ရတယ်။ တစ်လုံးမှ သုံးသောင်းပဲရှိတယ်။ တစ်ရက်ရှော့တိုက်ရင် နေ့တွက်က တစ်သောင်းလောက်ရတယ်။” ဟု ငါးရှော့တိုက်သူတစ်ဦးက ဆိုသည်။
လဲချားမြို့နယ်ရှိ နမ့်တိန်းချောင်းသည် မိုင်းကိုင်မြို့နယ်မှအစပြု၍ လဲချား၊ နမ့်စန်၊ ကျိုင်းတောင်း၊ လင်းခေးစသော မြို့များကိုဖြတ်ပြီး ရှမ်းပြည်နယ်တောင်ပိုင်းနယ်စပ်နား၌ သံလွင်မြစ်ထဲသို့ စီးဝင်သွားခြင်းဖြစ်သည်။