( တင်ရန် ) တာချီလိတ်မြို့တွင် စတင်စမ်းသပ်သည့် ထိုင်းဆန်မွှေးမျိုး နွေစပါးစမ်းသပ်စိုက်ခင်း အောင်မြင်

( တင်ရန် ) တာချီလိတ်မြို့တွင် စတင်စမ်းသပ်သည့် ထိုင်းဆန်မွှေးမျိုး နွေစပါးစမ်းသပ်စိုက်ခင်း အောင်မြင်
ဇွန် 20, 2016
By Tachileik News Agency

ကိုဇက် - Tachileik News Agency
တာချီလိတ်၊ ဇွန်လ(၁၉) ရက်

ဆန်မွှေး(ထိုင်း) စပါးမျိုးအား တာချီလိတ်မြို့နယ်အတွင်းရှိ လွန်းကျိုင်းကျေးရွာတွင် နွေစပါးစမ်းသပ်စိုက်ပျိုးရာ တစ်ဧကလျှင် စပါး(၁၁၈)တင်းထွက်ရှိကြောင်း တာချီလိတ်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

"ကျွန်တော်တို့ နွေစပါးအနေနဲ့ စပါးမျိုးကို မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာနနဲ့ ခရိုင်မျိုးစေ့ဌာနခွဲတို့ ပူးပေါင်းစမ်းသပ် စိုက်ပျိုးခဲ့တာပါ။ စိုက်ဧကတော့ (၁.၂၅)ဧက ရှိပါတယ်။ စပါးစိုက်တဲ့နေရာမှာ တောင်သူတွေကို သိပ္ပံနည်းကျ စိုက်ပျိုးခြင်းရဲ့ အကျိုးကျေးဇူးကို အခုတစ်ဧကကို(၁၁၈)တင်း ထွက်တာက ပြတာပါပဲ"ဟု မြို့နယ် စိုက်ပျိုးရေး ဦးစီးဌာန ဦးစိုင်းခင်ဇော်လတ်က ပြောသည်။

အဆိုပါ စမ်းသပ်စိုက်ခင်းအား ဝမ်လုံးကျေးရွာအုပ်စု၊ လွန်းကျိုင်းကျေးရွာကွင်းရှိ တောင်သူ ဦးကျလော၏ လယ်မြေ(၁.၂၅)ဧကတွင် နွေစပါးအဖြစ် စမ်းသပ်စိုက်ပျိုးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

စမ်းသပ်စိုက်ပျိုးသည့် စပါးရိတ်သိမ်းပွဲတွင် မျိုးကောင်းမျိုးသန့်သုံးစွဲခြင်းဖြင့် ရရှိသော အကျိုးကျေးဇူးများနှင့်  အီးအမ်ဘိုကာရှီ မြေဆွေးပြုလုပ်ပုံအဆင့်ဆင့်နှင့် သုံးစွဲပုံအဆင့်ဆင့်တို့၏ အကျိုးကျေးဇူးများအား ခရိုင်မြေအသုံးချရေးတာဝန်ခံနှင့် ခရိုင်မျိုးစေ့တာဝန်ခံတို့က ဒေသခံတောင်သူများအား ရှင်းလင်းခြင်း၊ လက်ကမ်းစာစောင်များ ပေးဝေခြင်းတို့ကို လုပ်ဆောင်ကြောင်း သိရသည်။

တာချီလိတ်မြို့နယ်အတွင်း ၂၀၁၅-၂၀၁၆ ခုနှစ် နွေစပါးစိုက်ပျိုးမှုမှာ (၄၆၆)ဧကရှိပြီး ဆင်းဧကရီ (၃)၊ ပုလဲသွယ်နှင့် ရွှေရင်အေး စပါးမျိုးများအား အဓိက စိုက်ပျိုးကြခြင်းဖြစ်ကြောင်း တာချီလိတ်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

 #TachileikNewsAgency#TachileikOnlineNewswww.tachileik.net