တာချီလိတ်မြို့တွင် ပြည်တွင်းအခွန်များဦးစီးဌာနမှ ရောင်းချပေးနေသော တံဆိပ်ခေါင်းများကို ရုံးတစ်ခုတည်း၌သာ မဟုတ်တော့ဘဲ၊ ရုံးပြင်ပတွင်လည်း ၀ယ်ယူရရှိနိုင်ရန်အတွက် တံဆိပ်ခေါင်းရောင်းခွင့်လိုင်စင်ကို လတ်တလောတွင် (၂)ဦးအား ချပေးထားကြောင်း သိရသည်။
တာချီလိတ်မြို့နယ်အခွန်ဦးစီးဌာနရုံးမှ တံဆိပ်ခေါင်းရောင်းချခွင့်လိုင်စင်ကို တာချီလိတ်မြို့နယ်ဓမ္မာရုံရှေ့ရှိ "အောင်ဖြိုး"မိတ္တူဆိုင် နှင့် ဆန်ဆိုင်း(ခ)ရပ်ကွက်ရှိ "လပြည့်ဝန်း"ဆိုင်တို့တွင် ချပေးထားပြီး အဆိုပါ ဆိုင်များတွင် အလွယ်တကူဝယ်ယူရရှိနိုင်ပြီဖြစ်သည်။
"အခုချပေးထားတဲ့ ဆိုင်တွေမှာတော့ တန်ဖိုးနည်း တံဆိပ်ခေါင်းတွေပဲ ရရှိမှာ ဖြစ်ပါတယ်၊ အိမ်၊ခြံ၊မြေ နဲ့ ပတ်သက်တဲ့ တန်ဖိုးကြီး တံဆိပ်ခေါင်းတွေကိုတော့ ၀င်ငွေခွန်သွင်းပြီးမှ ဆောင်ရတာဆိုတော့ ရုံးမှာပဲ လာပြီးဆောင်ရွက်ရမှာပါ။"ဟု တာချီလိတ်မြို့နယ် ပြည်တွင်းအခွန်များ ဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးတိုးလှိုင်က ပြောသည်။
ပြည်တွင်းအခွန်များဦးစီးဌာန၏ လိုင်စင်ရ တံဆိပ်ခေါင်းရောင်းချသူများအား ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အစိုးရ၊ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၏ အခွန်တံဆိပ်ခေါင်း ရောင်းချခြင်းဆိုင်ရာ နည်းဥပဒေ အခန်း(၂)၊ နည်းဥပဒေ(၆)အရ သတ်မှတ်ချက်များနှင့်အညီ တံဆိပ်ခေါင်းရောင်းချခွင့် လိုင်စင်အား ထုတ်ပေးလိုက်တာ ဖြစ်ကြောင်း သိရသည်။