အောင်ပြည့် - Tachileik News Agency
လားရှိုး၊ ဇွန်လ (၂၅) ရက်
ရှမ်းပြည်နယ်(မြောက်ပိုင်း ) လားရှိုးမြို့နယ်စည်ပင်သာယာရေးကော်မတီ၏ ရက်(၁၀၀)သစ္စာစီမံချက်ဖြင့် ဆောင်ရွက်ခဲ့သည့် ရပ်ကွက်(၁)၊ နယ်မြေ(၉)ရှိ နမ့်ခိုက်ရေမြောင်းနှင့် ကျောက်တောင်ရေမြောင်း တိုးချဲ့ဖောက်လုပ်မှုကို မိုးသည်းထန်စွာရွာသွန်းပြီးနောက် ထပ်မံပြုပြင်ခဲ့ရကြောင်း သိရသည်။
"ဟိုတစ်လောက မိုးအဆက်မပြတ်ရွာတော့ တောင်ကျရေတွေနဲ့အတူပါလာတဲ့ အမှိုက်တွေ၊ သစ်သားချောင်း တွေ၊ နှုန်းမြေတွေနဲ့ပိတ်ဆို့နေလို့ ချက်ချင်းဆယ်ယူပြီးပြုပြင်မှုတွေ ထပ်မံလုပ်ဆောင်ခဲ့ပါတယ်" ဟု အင်ဂျင်နီယာမှုး ဦးကျော်မိုးခိုင်က ပြောသည်။
လားရှိုးမြို့နယ်စည်ပင်သာယာရေးဌာနမှ ရက်(၁၀၀)သစ္စာစီမံချက်ဖြင့် မိုးရာသီရေကြီးရေလျှံမဖြစ်ပွားစေရန် အရှည်ပေ (၄၂၀၀)၊ အကျယ်ပေ(၁၀)၊ အနက်(၅)ပေရှိသော နမ့်ခိုက်ရေမြောင်းအား တိုးချဲ့ဖောက်လုပ်ခြင်း၊ အရှည်ပေ(၁၅၈၀)၊ အကျယ်ပေ(၁၀)၊ အနက်(၅)ပေရှိသော ကျောက်တောင်ရေမြောင်းအား တိုးချဲ့ဖောက်လုပ်ခြင်းတို့ကို လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
"ခုလိုအချိန်နဲ့တပြေးညီပြုပြင်ပေးတော့ အဆင်ပြေတာပေါ့။ မိုးရာသီအတွက်လည်း စိတ်ချသွားရတယ်။ ခုဆိုနေရာတိုင်းမှာ ပြုပြင်မှုတွေလုပ်နေတာတွေ့ရပါတယ်။ "ဟု လားရှိုးမြို့ခံတစ်ဦးဖြစ်သူ ဦးဌေးလှိုင်က ပြောသည်။
မြို့တွင်းရပ်ကွက်များကိုလည်း ရေစီးရေလာကောင်းမွန်စေရန် ရေမြောင်းများတိုးချဲ့ခြင်း၊ အမှိုက်များဖယ်ရှားခြင်း၊ ပြည်ထောင်စုလမ်းမကြီးပေါ်ရှိ ရေဝပ်သောနေရာများအား ပြုပြင်ဆောင်ရွက်ခြင်းများ လုပ်ဆောင်လျှက်ရှိကြောင်း သိရသည်။