ကိုဇက် -Tachileik News Agency
တာချီလိတ်၊ ဇွန်လ(၂၅)ရက်
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်၏ ထိုင်းနိုင်ငံခရီးစဉ်အတွင်း မြန်မာအလုပ်သမားများနှင့် တွေ့ဆုံရာတွင် အဆင်မပြေမှုများ ဖြစ်ခဲ့သည့်အတွက် အဆိုပါဒေသမှ အရာရှိ(၄)ဦးနှင့် တာဝန်ရှိသူ (၂၃) ဦးအား ရာထူးမှ ရပ်ဆိုင်းခြင်း၊ ရာထူးချထားခြင်း၊ နေရာပြောင်းရွှေ့ခြင်းဖြင့် ထိုင်းအစိုးရကအရေးယူလိုက်ကြောင်း သိရသည်။
မဟာချိုင်နယ်မြေ ထလေထိုင်းခန်းမတွင် မြန်မာရွှေ့ပြောင်းလုပ်သားများနှင့် တွေ့ဆုံပွဲတက်ခွင့်မရ၍ မြန်မာလုပ်သားအချို့ဆန္ဒပြသည့်ကိစ္စနှင့်ပတ်သက်၍ ထိုင်းနိုင်ငံ စမွတ်စခွန်ခရိုင်မှူး အပါအ၀င် အရာရှိ(၄)ဦး ရာထူးရပ်နားခံရပြီး တာဝန်ရှိသူ(၂၃)ဦးကို ပြောင်းရွှေ့လိုက်ကြောင်း သိရသည်။
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် မြန်မာလုပ်သားများအား တွေ့ခွင့်ပေးမည်ဟု သဘောတူထားသော်လည်း ဇွန်လ (၂၃) ရက် တွေ့ဆုံပွဲနေ့တွင် ဒေသတာဝန်ရှိသူများက ရွေးချယ်ထားသည့် အလုပ်သမားများဖြင့်သာ တွေ့ခွင့်ပေးခဲ့သဖြင့် မြန်မာလုပ်သားများက ဆန္ဒပြခဲ့ခြင်းဖြစ်သည်။
"အဲဒီနေ့က မြန်မာအလုပ်သမား(၅၀၀)ကို ဦးရာလူစနစ်နဲ့ ခန်းမထဲပေးဝင်မယ်လို့ အစတုန်းကပြောထားတယ်။ နောက်ပိုင်း သူတို့အစီအစဉ်နဲ့သူတို့ အဆင်ပြေတဲ့ အလုပ်သမားတွေကိုပဲ ပေးဝင်တဲ့အတွက် ခန်းမရှေ့ မနက်(၅)နာရီ လောက်ကတည်းက တန်းစီပြီးစောင့်နေတဲ့ အလုပ်သမားတွေ မကျေနပ်လို့ ဆန္ဒပြတာကို ဒေါ်အောင်ဆန်းစုကြည်သိသွားလို့ ၀န်ကြီးချုပ်ကိုပြောခဲ့တယ်နဲ့တူတယ်။ ဒါကြောင့် အမိန့်စာ ထုတ်ပြန်လာတာ"ဟု မြန်မာသံရုံးအလုပ်သမားများ ကူညီစောင့်ရှောက်ရေးမဟာမိတ်(AAC)မှ ကိုရဲမင်းက ပြောသည်။
ဇွန်လ (၂၄) ရက်နေ့တွင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် ထိုင်းနိုင်ငံ ဝန်ကြီးချုပ်တို့ တွေ့ဆုံပြီးနောက် မြန်မာအလုပ်သမားကိစ္စများနှင့်ပတ်သက်၍ ထိုင်းနိုင်ငံမှ တာဝန်ရှိသူများဖြစ်သည့် လူထုမှရွေးချယ် တင်မြှောက်ထားသည့် အုပ်ချုပ်ရေးမှူး(၂)ဦးအား အလုပ်မှထုတ်ပယ်ခဲ့ပြီး အစိုးရမှ ခန့်အပ်ခဲ့သည့် ဥပဒေအရာရှိနှင့် ရဲချုပ်တို့အား နယ်မြေရွှေ့ပြောင်း တာဝန်ပေးခဲ့ခြင်း၊ တာဝန်မှရပ်နားခြင်းဖြင့် အရေးယူလိုက်ခြင်းဖြစ်ကြောင်း သိရသည်။
စမွတ်စခွန်ခရိုင်ဝန်၊ ခရိုင်ဥပဒေချုပ်၊ ခရိုင်ရဲချုပ်၊ အမှတ်(၉) စစ်ဒေသတိုင်းမှူး၊ ခရိုင်အလုပ်သမားရုံး ညွှန်ချုပ်နဲ့ အရာရှိအရာခံ စုစုပေါင်း (၂၃) ဦးကို မူလရာထူးမှ ယာယီချထားပြီး အခြားဌာနများသို့ ရွှေ့ပြောင်းတာဝန် ပေးအပ်လိုက်ကြောင်း ဇွန်လ(၂၄)ရက်နေ့တွင် ထိုင်းနိုင်ငံပြန်တမ်း ထုတ်ပြန်လိုက်ခြင်းဖြစ်ကြောင်း သိရသည်။