မြေယာပြသနာများ အားဖြေရှင်းပေးရန် ဖရူဆိုမြို့တွင် တောင်သူများ အသံတိတ်ဆန္ဒထုတ်ဖော်
ဆန်းဖြိုးထွန်း
ကယားပြည်နယ်အတွင်းရှိ တောင်သူများကြုံတွေ့နေရသော မြေယာပြသာနာများအား ဖြေရှင်းပေးရန် ဖမ်းဆီးထိန်း သိမ်းခံရသော တောင်သူများအားပြန်လွတ်ပေးရန် ဇူလိုင်လ ၈ ရက်နေ့တွင် ဖရူဆိုမြို့၌ တောင်သူများ အသံတိတ် ဆန္ဒဖော်ထုတ်ခဲ့ကြောင်း သိရသည်။
သိမ်းဆည်းခံမြေယာများ ပြန်လည်ပေးအပ်ရန် ၊ ဖမ်းဆီး ထိန်းသိမ်းခံတောင်သူများအား အမြန်ဆုံးလွှတ်ပေးရန် ၊ ဌာနေတိုင်းရင်းသား တို့၏ အခွင့်အရေးကို လေးစားလိုက်နာရန်၊ သိမ်းယူထားသော တောင်သူမြေများကို ပြန်လည်ပေးအပ်ရန် စသည့် တောင်းဆိုချက်များပါဝင်သည့် ဗီနိုင်းများကိုင်ဆောင်၍ ဖရူဆိုမြို့နယ် ၊ ညောင်ဇင်ရပ်ကွက် တွင်တောင်သူ (၄၀)ဦးခန့် အသံတိတ်ဆန္ဒဖော်ထုတ်ခဲ့ကြခြင်းဖြစ်သည်။
" ကျွန်တော်တို့ အဓိကကတပ်က သိမ်းထားတဲ့ သိမ်းဆည်းမြေတွေကို အမြန်ဆုံးပြန်ပေးဖို့ နောက် ဖမ်းဆီးတရားစွဲဆိုခံထားရတဲ့ တောင်သူတွေကို ပြန်လွှတ်ပေးဖို့ တောင်းဆိုတာဖြစ်တယ်။ ဆန္ဒဖော်ထုတ်ဖို့ နေရာတောင်းထားတာ သုံးနေရာလောက်ရှိတယ် တစ်နေရာပဲပေးတယ် ဒေသန္တရ အမိန့်ထုတ်ပြန်ထားတဲ့ နေရာတွေမို့ ခွင့်မပြုဘူး ဒီနေရာတစ်ခုပဲ ခွင့်ပြုတယ်။ ဒီတောင်းဆိုချက်တွေကို အစိုးရဘာမှ မလုပ်ပေးရင် အားလုံးပါဝင်တဲ့ အထွေထွေ သပိတ်ကြီး လုပ်သွားဖို့ရှိပါတယ် " ဟု ဦးဆောင်သူ ခွန်းဘွယ်မှူး ကပြောသည်။
တောင်သူများမှ ဖရူဆိုမြို့နယ်အတွင်း အသံတိတ်ဆန္ဒဖော်ထုတ် ရန် ငြိမ်းချမ်းစွာစီတန်းလှည့်လည်ခွင့်အား ဖရူဆိုမြို့နယ် ရဲစခန်းသို့ ဇူလိုင်လ ၅ ရက်နေ့တွင် တင်ပြတောင်းဆိုခဲ့ပြီး ဇူလိုင်လ ၈ ရက်နေ့တွင် ပြုလုပ်ရန် ခွင့်ပြုပေးခဲ့ကြောင်း သိရသည်။
လွိုင်ကော်မြို့နယ် နှင့် ဒီးမော့ဆိုမြို့နယ် များတွင် တောင်သူများအား တပ်မတော်မှ တရားစွဲဆိုထာခြင်းများ ရှိသလို တောင်အချို့ကို ဖမ်းဆီးထိမ်းသိမ်းထားသည့်အတွက် တောင်သူများမှ တရားဝင် ငြိမ်းစုစီ တင်ကာ ဒီးမော့ဆိုမြို့ နှင့် ဖရူဆိုမြို့များတွင် အသံတိတ်ဆန္ဒဖော်ထုတ်ပွဲများ ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး လွိုင်ကော်မြို့တွင်လည်း ပြုလုပ်သွားရန် ငြိမ်းစုစီ တင်ထားကြောင်း သိရသည်။