ဒီးမော့ဆို-ထူးချောင်း-မော်ချီးလမ်းကို ကရင်နီတပ်ပေါင်းစုံစစ်ဦးစီးအဖွဲ့ပိတ်

ဒီးမော့ဆို-ထူးချောင်း-မော်ချီးလမ်းကို ကရင်နီတပ်ပေါင်းစုံစစ်ဦးစီးအဖွဲ့ပိတ်
မတ် 13, 2025 | ကယား

ဒီးမော့ဆို-ထူးချောင်း-မော်ချီးလမ်းကို စီးပွားရေး၊ လူမှုရေးကိစ္စများအတွက် အသုံးမပြုကြရန် ကရင်နီတပ်ပေါင်းစုံစစ်ဦးစီးအဖွဲ့က ၂၀၂၅ခုနှစ် မတ်လ (၁၂)ရက်နေ့တွင် ညွှန်ကြားစာထုတ်ပြန်သည်။ 

ယမန်နေ့ကစတင်၍ စစ်ရေးအခြေအနေများအရ အဆိုပါလမ်းပိုင်းအား တစ်စုံတစ်ရာ မထုတ်ပြန်မီအချိန်ထိ တပ်ဖွဲ့ဝင်များအနေဖြင့် စီးပွားရေး၊ လူမှုရေးကိစ္စများဖြင့် ဖြတ်သန်းသွားလာခြင်း လုံးဝမလုပ်ရန် ညွှန်ကြားစာ ထုတ်ပြန်လာခြင်းဖြစ်သည်။

စစ်ကောင်စီသည် ဘောလခဲတပ်မှတဆင့် အဆိုပါဒေသများကို ထိုးစစ်ဆင်နေပြီး ပြည်သူလူထုလုံခြုံရေးအတွက် စစ်ဆင်ရေးနှင့် ပတ်သတ်သည့် အလုပ်တာဝန်များမှလွဲ၍ ပိတ်ပင်လိုက်ခြင်းလည်းဖြစ်သည်။

မတ်လ (၇)ရက်နေ့ကလည်း မော်ချီးဒေသကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်ခဲ့သဖြင့် မော်ချီးဒေသရှိ ပြည်သူများ ဗုံးခိုကျင်းတူးထားကြရန်၊ လူစုလူဝေးမလုပ်ကြရန် တော်လှန်ရေးတပ်များဘက်က သတိပေးထားသည်။

ယင်းနေ့က မော်ချီးဒေသရှိ တပ်ပေါင်းစုဂိတ်အနီးကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်ခဲ့မှုကြောင့် အရပ်သား (၂)ဦးသေဆုံးပြီး (၁၀)ဦးဝန်းကျင် ဒဏ်ရာရရှိခဲ့ခြင်းဖြစ်သည်။

ကရင်နီတပ်ပေါင်းစုံစစ်ဦးစီးအဖွဲ့က ကရင်နီပြည်သူ့တပ်မတော်(KA)၊ ကရင်နီလူမျိုးပေါင်းစုံ ပြည်သူ့လွတ်မြောက်ရေးတပ်ဦး(KNPLF)၊ ကရင်နီအမျိုးသားစည်းလုံးညီညွတ်ရေးအဖွဲ့(KNSO)၊ ကရင်နီအမျိုးသားငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးပါတီ(KNPDP)၊ ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ်(KNDF)၊ ပြည်သူ့ကာကွယ်ရေးတပ်(PDF)နှင့် မဟာမိတ်တပ်များအားလုံးကို ညွှန်ကြားစာ ပေးပို့ထားခြင်းလည်းဖြစ်သည်။

#TachileikNewsAgency