တာချီလိတ်မြို့ရှိ မြန်မာ - ထိုင်းချစ်ကြည်ရေးတံတားအမှတ်(၁)မှာ ယာဉ်ကြောပိတ်ဆို့မှုများ နေ့စဉ်ကြုံတွေ့နေရသည့်အတွက် တံတား(၁)မှာ ယာဉ်ကျောပိတ်ဆို့မှုကြောင့် အခဲအခက်ဖြစ်နေတဲ့ ယာဉ်တွေကို စိစစ်ရွေးထုတ်ပြီးတော့
ပထမအဆင့်အနေဖြင့် ကျောင်းကြို/ပို့ယာဉ်များနှင့် လူနာတင်ယာဉ်များကို ချစ်ကြည်ရေး တံတားအမှတ်(၂)ကနေ ၂၀၁၉ခုနှစ် သြဂုတ်လ(၁၉)ရက်နေ့မှစပြပီး စတင်ဖြတ်သန်းခွင့်ပြုမည်ဖြစ်ပြီးတော့ အခြားယာဉ်များ ဖြတ်သန်းခွင့်ပြုရေးကို ဒုတိယအဆင့် အနေဖြင့် ပထမအဆင့်ပေါ်မူတည်ပြီး ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း တာချီလိတ်ခရိုင်အုပ်ချုပ်ရေးမှူး ဦးမြင့်နိုင်က ပြောကြားလိုက်သည်။
"ဒုတိယအဆင့် မှာတော့ ဒီတံတား(၁)ပေါ်မှာ တကယ် ယာဉ်ကြောကြပ်တည်းမှုမှာ အခက်အခဲဖြစ်နေတဲ့ ယာဉ်တွေကို ကျွန်တော်တို့က စိစစ်ရွေးထုတ်ပြီးတော့ ဘယ်လို ယာဉ်အမျိုးအစားကို တံတား(၂)ကနေ ပေးသင့်သလဲဆိုတာကို ဒုတိယအဆင့်မှာတော့ ဆက်လက်ပြီး ဆောင်ရွက်ဖို့ နိုင်ငံတော်က လူကြီးတွေကို တင်ပြထားပြီး ဖြစ်ပါတယ်၊ ပထမအဆင့် အောင်မြင်သွားတယ်၊ ချောချောမွေ့မွေ့နဲ့ဖြစ်တယ်ဆိုရင် ဒုတိယအဆင့်ကို ဆက်လက်ပြီးတော့ ဆောင်ရွက်မှာ ဖြစ်ပါတယ်"ဟု တာချီလိတ်ခရိုင်အုပ်ချုပ်ရေးမှူး ဦးမြင့်နိုင်က တာချီလိတ်သတင်းအေဂျင်စီသို့ သြဂုတ်လ(၈)ရက်နေ့က ပြောသည်။
ချစ်ကြည်ရေးတံတား(၁)တွင် တစ်ပိုင်တစ်နိုင်ကုန်ပစ္စည်းသယ်ယူပို့ဆောင်မှုများနှင့် နိုင်ငံခြားသားများ၊ အိမ်သုံးကား/ဆိုင်ကယ်များ အပြင် ကျောင်းကြို/ပို့ယာဉ်များနှင့် လူနာတင်ယာဉ်များ ဖြတ်သန်းသွားလာနေလျက်ရှိရာ လတ်တလောတွင် ပထမအဆင့်အနေဖြင့် ကျောင်းကြို/ပို့ယာဉ်များနှင့် လူနာတင်ယာဉ်များကို ချစ်ကြည်ရေးတံတားအမှတ်(၂)မှ ဖြတ်သန်းခွင့်ပြုမည်ဖြစ်သည်။
"တံတား(၁)ဆိုတာ အဓိက ကတော့ ခရီးသွားဧည့်သည်တွေ နောက်ပြီး ပြည်သူလူထုတွေ ကူးသန်းသွားလာဖို့အတွက် တံတား(၁)ကို သတ်မှတ်ထားတာဖြစ်ပါတယ်၊ တံတား(၂)ကတော့ ကုန်စည်ကူးသန်းဖို့သာလျှင် အဓိကထားတဲ့ တံတားဖြစ်ပါတယ်၊ တံတား(၁)က တစ်ချို့ယာဉ်တွေကို တံတား(၂)ကို ရွှေ့ပြောင်းမယ်ဆိုတဲ့ အခါကြတော့ လုပ်ငန်းသဘော သဘာဝချင်း မတူဘူးပေါ့၊ အဲ့ဒီအနေအထားမှာမှ အချိန်ကန့်သတ်ချက် လိုအပ်နေတဲ့ ကျောင်းကားတို့၊ လူနာတင်ယာဉ်တို့ ယာဉ်ကြောကြပ်တည်းရင်တော့ အချိန်ကန့်သတ်ချက် အများကြီးဖြစ်တဲ့အတွက် သူတို့ကို ဦးစားပေးအနေနဲ့ ပထမအဆင့်အနေနဲ့ ကျွန်တော်တို့က တံတား(၂)ကနေ ပေးဖြတ်တာဖြစ်ပါတယ်၊ ဒါကတော့ ပထမအဆင့်ပေါ့နော်၊"ဟု တာချီလိတ်ခရိုင်အုပ်ချုပ်ရေးမှူး ဦးမြင့်နိုင်က ပြောသည်။
ချစ်ကြည်ရေးတံတားအမှတ်(၁)တွင် ယာဉ်ကြောပိတ်ဆို့မှု ဖြေရှင်းနိုင်ရန်အတွက် တာချီလိတ် - မယ်ဆိုင် မြို့နယ်အဆင့် နယ်ခြားကော်မတီတွင် (၃)ကြိမ်တိတိ ထိုင်းဘက်က ကနဦး ဆွေးနွေးမှု စတင်လာခြင်းဖြစ်ပြီး မြန်မာဘက်မှ ရှမ်းပြည်နယ်အစိုးရကလည်း ခွင့်ပြုပေးလိုက်ပြီးနောက် ပထမအဆင့်အနေဖြင့် သြဂုတ်လ(၁၉)ရက်နေ့တွင် သတ်မှတ်ယာဉ်များကို ဖြတ်သန်းခွင့်ပြုမည်ဖြစ်သည်။
ချစ်ကြည်ရေးတံတားအမှတ်(၂)မှ တဆင့် ဖြတ်သန်းသွားလာမည့် ကျောင်းကြိုပို့ ယာဉ်များ၊ ကိုယ်ပိုင်ကျောင်းကြို/ပို့ မိသားစုကား၊ ဆိုင်ကယ်များ အနေဖြင့် ကျောင်းကြို/ပို့ပြုလုပ်ရန် မှန်ကန်ကြောင်းနှင့် ကျောင်းသား/သူ အမည်စာရင်း၊ ယာဉ်အမှတ်နှင့် လိုက်ပါပို့ဆောင်မည့်သူ၏ အမည်များဖြင့် တာချီလိတ်ခရိုင်/မြို့နယ်စုပေါင်းရုံးရှိ မြို့နယ်အုပ်ချုပ်ရေးမှူးရုံးတွင် ရုံးဖွင့်ရက်များတွင် စာရင်းပေးကာ မှတ်ပုံတင်ရမည်ဖြစ်ကြောင်း သိရသည်။
Tachileik News Agency