မြန်မာ - ထိုင်းနယ်စပ်ဒေသ တာချီလိတ် နှင့် မယ်ဆိုင်အကြား တာချီလိတ်ကနေ မယ်ဆိုင်မြို့သို့ သွားရောက်သူတိုင်း ထိုင်းအဝင်တွင် မဖြစ်မနေ လုပ်ဆောင်ရသည့် အဖြူရောင်ကတ်များကို ယခုအခါ စနစ်သစ် ပြောင်းလဲလိုက်သည့်အတွက် ကတ်ဟောင်းပြုလုပ်သူများ အနေဖြင့် ကတ်အသစ်များကိုလည်း မဖြစ်မနေ အသစ်ပြန်လည် လုပ်ဆောင်ရတော့မည် ဖြစ်ကြောင်း သိရသည်။
တာချီလိတ်မြို့ရှိ မြန်မာ - ထိုင်း ချစ်ကြည်ရေးအမှတ်(၁)တံတားကနေ မယ်ဆိုင်မြို့သို့ ဝင်ရောက်သူများအနေဖြင့် တာချီလိတ်အထွက် မယ်ဆိုင်အဝင်တွင် မဖြစ်မနေ ပြုလုပ်ရသည့် အဖြူရောင် ကတ်များကို ၂၀၂၄ခုနှစ် ဒီဇင်ဘာလ(၂၆)ရက်နေ့က စပြီး အသစ်ပြန်လည် ပြုလုပ်ပေးမည်ဖြစ်သည့်အတွက် ကတ်ဟောင်းကိုင်ထားသူများ အနေဖြင့် ကတ်အသစ်ကို မဖြစ်မနေ ပြုလုပ်ရမည် ဖြစ်ကြောင်း သိရသည်။
"ထိုင်းဘက်က အဖြူရောင်ကတ်တွေကို ကတ်မှာ အနည်းငယ်ပြောင်းလဲတာတွေ၊ စနစ်သစ် ပြောင်းလဲတာတွေ ပြုလုပ်ဖို့အတွက်အရင် အဟောင်းကို မသုံးတော့ဘူး။ အဲ့ဒါကြောင့် အဖြူရောင်ကတ် တစ်ခါမှ မလုပ်ရသေးသူအနေနဲ့တော့ မသိသာပေမဲ့ ကတ်ဟောင်း ကိုင်ထားသူအနေနဲ့ကတော့ ကတ်အသစ် ပြန်လုပ်ရတော့မှာပါ"ဟု ဒေသခံ တစ်ဦးက Tachileik News Agency သို့ ၂၀၂၄ခုနှစ် ဒီဇင်ဘာလ(၂၅)ရက်နေ့တွင် ပြောသည်။
ကတ်အသစ်ကို ဒီဇင်ဘာလ(၂၆)ရက်နေ့က စပြီး ပြုလုပ်ပေးမည်ဟု သတ်မှတ်ထားသော်လည်း ဒီဇင်ဘာလ(၂၄)ရက်နေ့ကတည်းက စမ်းသပ် ပြုလုပ်ပေးနေကြောင်းလည်း သိရသည်။
ကတ်များကို မဖြစ်မနေ ပြုလုပ်ရမည်ဖြစ်သော်လည်း ကတ်သက်တမ်း မကုန်သေးသ၍ မယ်ဆိုင်မြို့သို့ သွားခါနီးမှ ပြုလုပ်၍ ရကြောင်းလည်း သိရသည်။
"အခုက အဖြူရောင် ကတ်ကို စနစ်သစ်ပြောင်းလိုက်ပြီဆိုပေမဲ့ ကတ်အဟောင်း ကိုင်ထားသူတွေအနေနဲ့ မယ်ဆိုင်ဘက်ကို သွားဖို့ မလိုသေးရင်တော့ အလောတကြီး သွားလုပ်စရာ မလိုပါဘူး။ ကတ်သက်တမ်းရှိသေး၍ မယ်ဆိုင်ဘက်ကို သွားမှပဲ ကတ်သစ် ပြောင်းလို့ရတယ်"ဟု ၎င်းက ဆက်လက်ပြောပြသည်။
အဖြူရောင် ကတ်များကို သတ်တမ်းအားဖြင့် (၁)နှစ် သတ်မှတ်ပေးထားပြီး ကတ်အသစ်ပြုလုပ်သည် ဖြစ်စေ၊ သက်တမ်း တိုးသည် ဖြစ်စေ တစ်ခါပြုလုပ်လျှင် ယခင်အတိုင်း ဘတ်(၂၀) သတ်မှတ် ကောက်ခံကြောင်း သိရသည်။
အဖြူရောင် ကတ်မှာ ထိုင်းလဝက၏ ကွန်ပျူတာစနစ်သို့ ထည့်သွင်းထားသည့် အချက်အလက် ကောက်ယူထားသော လုပ်ငန်းစဉ်အရသာ ဖြစ်ပြီး မြန်မာဘက် လုပ်ငန်းစဉ်နှင့် ချိတ်ဆက် သက်ဆိုင်ခြင်းမရှိကြောင်း သိရသည်။
ယခုလို အဖြူရောင် ကတ်များကို မြန်မာနိုင်ငံသားများသာ ပြုလုပ်ရခြင်း မဟုတ်ဘဲ ထိုင်းနိုင်ငံသားများလည်း တာချီလိတ်ဘက်သို့ သွားမည်ဆိုပါ မြန်မာနိုင်ငံသားများ နည်းတူ ပြုလုပ်ရခြင်း ဖြစ်ကြောင်း သိရသည်။