တာချီလိတ်မှ မြန်မာ - ထိုင်းချစ်ကြည်ရေးတံတား (၂)မှ ဖြတ်သန်းသည့် မော်တော်ယာဉ်များအား ထိုင်းဘက်တွင် X –Ray စက်ဖြင့် စစ်ဆေး

တာချီလိတ်မှ မြန်မာ - ထိုင်းချစ်ကြည်ရေးတံတား (၂)မှ ဖြတ်သန်းသည့် မော်တော်ယာဉ်များအား ထိုင်းဘက်တွင် X –Ray စက်ဖြင့် စစ်ဆေး
စက်တင်ဘာ 10, 2019
By Tachileik News Agency

ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်မြို့ရှိ မြန်မာ - ထိုင်းချစ်ကြည်ရေးတံတား အမှတ် (၂) မှ မြန်မာနှင့် ထိုင်း ကျောင်းကြိုပို့ယာဉ်များ နေ့စဉ် အကြိမ်ရေ (၆၀) ဝန်းကျင် ဖြတ်သန်းသွားလာနေပြီး အဆိုပါယာဉ်များကို မြန်မာဘက်ခြမ်းတွင် လူဖြင့်စစ်ဆေးနေသော်လည်း မယ်ဆိုင်ဘက်ခြမ်းတွင် X – Ray စက်ဖြင့် စစ်ဆေးမှုများ လုပ်ဆောင်နေကြောင်း သိရသည်။

“ ကျောင်းကြိုပို့ယာဉ်နဲ့ ကျောင်းကြိုပို့လုပ်တဲ့ အိမ်စီးယာဉ်လေးတွေက တံတား (၂)ရဲ့ custom နဲ့ လဝကကို စာရင်းပေးရတာ။ အဲဒီမှာ ဖြည့်ရမယ့် Form လေးတွေ ပေးထားတယ်။ အဲဒီဇယားလေးအတိုင်းဖြည့်ပြီး ဖြတ်သွားရုံပဲ။ ပျမ်းမျှအားဖြင့် တစ်နေ့ကို အခေါက်ရေ (၆၀) လောက်ဖြတ်သန်းကြတယ်။ ထိုင်းကားရော မြန်မာကားရော အဝင်အထွက် အခေါက်ရေပေါ့နော်။ လျော့လည်း တစ်စီး၊ နှစ်စီးပဲလျော့တယ်”ဟု တာချီလိတ်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးချမ်းမြေ့စောက တာချီလိတ်သတင်းအေဂျင်စီသို့ စက်တင်ဘာလ (၁၀)ရက်နေ့တွင် ပြောသည်။

မြန်မာ - ထိုင်းချစ်ကြည်ရေးတံတား (၁)မှသာ လူအဝင်အထွက်နှင့် မော်တော်ယာဉ်များဖြတ်သန်းခွင့်ပြုနေရာမှ ယာဉ်ကြောပိတ်ဆို့မှုကို ဖြေလျှော့နိုင်ရန် တာချီလိတ်မြို့နှင့် ထိုင်းနိုင်ငံ၊ မယ်ဆိုင်ကြား ကုန်စည်စီးဆင်းမှု အတွက်သာ အသုံးပြုသည့် ချစ်ကြည်ရေး တံတား အမှတ်(၂)ပေါ်မှ ကျောင်းကြို/ပို့ ယာဉ်များနှင့် လူနာတင်ယာဉ်များကို ပထမအဆင့်အနေဖြင့် ၂၀၁၉ ခုနှစ်၊ သြဂုတ်လ (၁၉)ရက်နေ့မှစ၍ နှစ်နိုင်ငံ သဘောတူညီချက်ဖြင့် ဖြတ်သန်းခွင့်ပြုလိုက်ခြင်း ဖြစ်သည်။

တာချီလိတ်နှင့် မယ်ဆိုင်ကို ဆက်သွယ်ထားသည့် ချစ်ကြည်ရေးတံတား (၁)နှင့် (၂)မှ ဖြတ်သန်းသွားသည့် မော်တော်ယာဉ်များ၊ ပစ္စည်းများကို ထိုင်းနိုင်ငံဘက်ခြမ်းရှိ စစ်ဆေးရေးဂိတ်များတွင် X – Ray စက်များဖြင့် ရှာဖွေနိုင်သော်လည်း တံတား(၂)ခုလုံးရှိ မြန်မာဘက်ခြမ်းတွင် စက်ဖြင့်ရှာဖွေနိုင်ခြင်းမရှိသေးသဖြင့် တံတားမှဖြတ်သန်းသယ်ဆောင်သည့် မူးယစ်ဆေးများကို ထိုင်းဘက်ခြမ်းတွင်သာ ဖမ်းမိလေ့ရှိသည်ကို တွေ့ရသည်။

ထိုင်းနိုင်ငံတွင်းသို့ နယ်စပ်ဂိတ်များမှ မူးယစ်ဆေးဝင်ရောက်မှု လျော့ကျစေရေးအတွက် မယ်ဆိုင်ဘက်ခြမ်းရှိ စစ်ဆေးရေးဂိတ်များတွင် ဝင်ရောက်လာသည့် လူနှင့် မော်တော်ယာဉ်များအား သေချာစွာစစ်ဆေးရန် ထိုင်းအစိုးရက သက်ဆိုင်ရာဌာနများအား ညွှန်ကြားထားကြောင်း ထိုင်းရတ်သတင်းတွင် ဖေါ်ပြထားသည်။

Tachileik News Agency

~~~~~~~~⊰❂ Unicode Version ~~~~~~~~
1အအ 1
 #TachileikNewsAgency #TNA #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net