ငလျင်ဒဏ်သင့် မန္တလေးပြည်သူများကို ဂျပန်က ခွဲစိတ်ခန်းထပ်မံဖွင့်လှစ်၍ ကျန်းမာရေးဝန်ဆောင်မှုပေး

ငလျင်ဒဏ်သင့် မန္တလေးပြည်သူများကို ဂျပန်က ခွဲစိတ်ခန်းထပ်မံဖွင့်လှစ်၍ ကျန်းမာရေးဝန်ဆောင်မှုပေး
ဧပြီ 10, 2025 | အခြားဒေသများ

ငလျင်ဒဏ်သင့် ပြည်သူများကို ဂျပန်နိုင်ငံက ယနေ့ ၂၀၂၅ခုနှစ် ဧပြီလ (၁၀)ရက်နေ့တွင် အထူးကြပ်မတ်ဆောင် (၁)ဆောင်နှင့် ခွဲစိတ်ခန်း(၂)ခန်း ထပ်မံဖွင့်လှစ်ပြီး ကျန်းမာရေးဝန်ဆောင်မှုများ ဆောင်ရွက်ပေးသွားမည်ဟု စစ်ကောင်စီ၏ နိုင်ငံခြားရေးဝန်ကြီးဌာနထံမှ သိရသည်။ 

ဂျပန်နိုင်ငံမှ ကယ်ဆယ်ရေးအထောက်အကူပြုပစ္စည်းများပေးပို့ခဲ့ပြီး ဆရာဝန်နှင့် သူနာပြု(၃၂)ဦး ပါဝင်သည့် ဆေးကုသရေးအဖွဲ့ တစ်ဖွဲ့သည် ငလျင်ဒဏ်သင့် မန္တလေးမြို့က ဒဏ်ရာရရှိသူများအား ဆေးဝါးကုသရေးလုပ်ငန်းစဉ်များကို မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီရုံး၌ စခန်းဖွင့်လှစ်ကာ ဧပြီလ (၄)ရက်နေ့ကစတင် ဆောင်ရွက်ပေးနေသည်ဟု သိရသည်။ 

ထို့ပြင် C-130 အမျိုးအစား ဂျပန်ကိုယ်ပိုင်ကာကွယ်ရေးတပ်ဖွဲ့လေယာဉ်သည် မြန်မာနိုင်ငံသို့ ရောက်ရှိနေသည့် ဂျပန်ဆေးကုသရေးအဖွဲ့မှ လိုအပ်သော ဆေးနှင့် ဆေးပစ္စည်းကိရိယာများအား ဧပြီလ(၉)ရက်နေ့တွင် မန္တလေးအပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ဆင်းသက် ပို့ဆောင်ပေးထားသည်ဟု သိရသည်။ 

 

ဂျပန်နိုင်ငံ Nippon Foundation ဥက္ကဌ Mr. Yohei Sasakawa မှလည်း မြေငလျင်ဒဏ်ခံစားခဲ့ရသည့် ပြည်သူများအတွက် Nippon Foundation မှ လှူဒါန်းသည့် ဒေါ်လာ(၃)သန်းပမာဏရှိသည့် ကယ်ဆယ်ရေးနှင့် အထောက်အကူပြုပစ္စည်းများကို မြန်မာနိုင်ငံသို့ ကိုယ်တိုင်သွားရောက် လှူဒါန်းထားသည်ဟု သိရသည်။ 

ဂျပန်အစိုးရအနေဖြင့်လည်း မြေငလျင်ဒဏ်ခံစားခဲ့ရသူများအတွက် အရေးပေါ်အကူအညီ အထောက်အပံ့အဖြစ် အမေရိကန်ဒေါ်လာ(၆)သန်းပမာဏရှိ အကူအညီများ ပေးအပ်သွားမည်ဟု ထုတ်ပြန်ထားသည်။

အမေရိကန်ဆေးကုသရေးအဖွဲ့ကလည်း ဧပြီလ(၄)ရက်နေ့တွင် မြန်မာနိုင်ငံသို့ ရောက်ရှိလာပြီး ဧပြီလ (၇)ရက်နေ့မှစတင်၍ ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများကို ဆောင်ရွက်နေသည်ဟု သိရသည်။ 

ငလျင်ကြောင့် နိုင်ငံတစ်ဝှမ်းတွင် လူနေအိမ်(၄၈,၈၀၀)ကျော်၊ ဘုရားစေတီ(၅,၂၀၀)ကျော်၊ စာသင်ကျောင်း(၂,၀၀၀)ကျော်၊ ဌာနဆိုင်ရာရုံး၊ အဆောက်အဦး(၂,၁၇၀)ကျော်၊ တံတား(၁၄၈)စင်းတို့ ပျက်စီးဆုံးရှုံးခဲ့ရသည်ဟု သိရသည်။

ငလျင်ကြောင့် ထိခိုက်ပျက်စီးခဲ့ရသည့် အခြေခံအဆောက်အဦးများအား ပြုပြင်နေပြီဖြစ်ပြီး ရန်ကုန်-နေပြည်တော်-မန္တလေးလမ်းပိုင်းအတွင်း လူစီးရထားများနှင့် မန္တလေးအပြည်ပြည်ဆိုင်ရာလေဆိပ်နှင့် နေ ပြည်တော်အပြည်ပြည်ဆိုင်ရာလေဆိပ်တို့တွင် ပြည်တွင်းလေကြောင်းခရီးစဉ်များ ပုံမှန်ပြန်လည်ပျံသန်း ပြေးဆွဲနေပြီဟုလည်း စစ်ကောင်စီက ဆိုသည်။  

ယနေ့အထိ နိုင်ငံတကာမှ ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်နေသည်မှာ နိုင်ငံတကာအကူအညီအနေဖြင့် နိုင်ငံပေါင်း(၂၂)နိုင်ငံမှ ကူညီကယ်ဆယ်ထောက်ပံ့ရေးများ၊ ဆေးကုသရေးလုပ်ငန်းများကို ကူညီဆောင်ရွက်ပေးနေသည်ဟု သိရသည်။

#TachileikNewsAgency