ရွေးကောက်ပွဲကို ၂၀၂၅ခုနှစ် ဒီဇင်ဘာလအတွင်း ကျင်းပမည်ဟု စစ်ကောင်စီ၏ ရွေးကောက်ပွဲကော်မရှင်က အတည်ပြုလိုက်ပြီဖြစ်သည်။
စစ်ကောင်စီ၏ ရွေးကောက်ပွဲကော်မရှင် ထုတ်ပြန်ချက်တွင် ၂၀၂၅ခုနှစ် အထွေထွေရွေးကောက်ပွဲများကို ဒီဇင်ဘာလအတွင်း ကျင်းပရန်ရှိနေသဖြင့် နိုင်ငံရေးပါတီ တည်ထောင်ခြင်းနှင့် မှတ်ပုံတင်ခြင်း၊ ပါတီပူး ပေါင်းလျက် တစ်ပါတီအဖြစ် တည်ထောင်ခြင်း လုပ်ငန်းများကို ရွေးကောက်ပွဲမတိုင်မီလုပ်ဆောင်ကြရန် ဧပြီလ(၉)ရက်နေ့ထုတ် နိုင်ငံပိုင်း သတင်းစာများကနေ ထုတ်ပြန်ထားသည်။
ထို့အပြင် နိုင်ငံရေးပါတီများ အနေဖြင့်လည်း ရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်း၊ မဲဆွယ်စည်းရုံးရေးဆိုင်ရာ လုပ်ငန်းများ ဆောင်ရွက်ရန်အတွက် အချိန်လုံလောက်စွာရရှိစေရန် မေလ(၉)ရက်နေ့ နောက်ဆုံးထားပြီး နိုင်ငံရေး ပါတီလျှောက်ထားကြလည်း အသိပေးထားသည်ကို တွေ့ရသည်။
အဆိုပါ ထုတ်ပြန်ချက်နှင့်အတူ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးသန်းစိုးကို ဒုတိယဥက္ကဋ္ဌ အဖြစ် တာဝန်ပေးလိုက်သည်ဟုလည်း စစ်ကောင်စီက ထုတ်ပြန်သည်။
အထွေထွေရွေးကောက်ပွဲကို ၂၀၂၅ ခုနှစ် ဒီဇင်ဘာလနှင့် ၂၀၂၆ ခုနှစ် ဇန်နဝါရီလအတွင်း အပိုင်းလေး ပိုင်းခွဲ၍ ကျင်းပရန်စီစဉ်နေသည်ဟု စစ်ခေါင်းဆောင်က ပြောဆိုထားသည်။
ရွေးကောက်ပွဲကို မဲများသူအနိုင်ယူစနစ် (FPTP)နှင့် အချိုးကျကိုယ်စားပြုစနစ် (PR)ကို ပေါင်းစပ် ကျင့်သုံးမည်ဟုလည်းဆိုကာ တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်များ ဆက်ရှိနေဦးမည်ဖြစ်သည်။