ဟိုပုံးမြို့နယ်အတွင်း တောင်ယာအတွက် ခြံရှင်းပြီး မီးရှို့စဉ် ဗုံးထကွဲ၍ လာကြည့်သည့် စစ်ကောင်စီတပ်သားများ နောက်ထပ် ဗုံးကွဲမှုကြောင့် ဒဏ်ရာ ရသွား

ဟိုပုံးမြို့နယ်အတွင်း တောင်ယာအတွက် ခြံရှင်းပြီး မီးရှို့စဉ် ဗုံးထကွဲ၍ လာကြည့်သည့် စစ်ကောင်စီတပ်သားများ နောက်ထပ် ဗုံးကွဲမှုကြောင့် ဒဏ်ရာ ရသွား

 ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်း၊ ဟိုပုံးမြို့နယ် ကုန်းညောင်ရွာအနီးရှိ တောင်ယာတွင် ခြံရှင်းပြီး အမှိုက်မီးရှို့စဉ် ဗုံးထကွဲသည့် ဖြစ်စဉ်ဖြစ်ပွား၍  လာကြည့်သည့် စစ်ကောင်စီတပ်သားများ နောက်ထပ် ဗုံးပေါက်ထပ်ကွဲမှုကြောင့် ထိခိုက်ဒဏ်ရာရရှိသွားကြကြောင်း သိရသည်။

၂၀၂၅ခုနှစ် ဧပြီလ၏ ပထမအတွင်းက ခြံရှင်းပြီးသည့် အမှိုက်များကို ည(၆)နာရီခွဲကျော်အချိန်က မီးရှို့စဉ် မည်သည့်အဖွဲ့အစည်းက ထောင်ထားသည်ကို မသိရသည့် ဗုံး/မိုင်းထကွဲခြင်း ဖြစ်ကြောင်း သိရသည်။

ဗုံးကွဲရာ နေရာသို့ စစ်ကောင်စီ တပ်သားများ လာရောက် ကြည့်ရှုစဉ် နောက်ထပ် ဗုံး(၁)လုံး ထပ်ကွဲ၍ လာရောက်ကြည့်ရှုသည့် စစ်ကောင်စီတပ်သား (၂)ဦးနှင့် အရပ်သား (၂)ဦး စုစုပေါင်း (၄)ဦး ဒဏ်ရာရရှိပြီး စစ်ကောင်စီ တပ်သား (၂)ဦးမှာ ဆေးရုံတင်ထားလိုက်ရကြောင်း သိရသည်။

ယင်းအပြင် ဧပြီလ(၆)ရက်နေ့ကလည်း အဆိုပါနေရာတွင် ည(၆)နာရီခွဲဝန်းကျင်အချိန်ကလည်း နောက်ထပ် ဗုံးတစ်လုံး ထပ်ကွဲမှုရှိခဲ့သော်လည်း လူထိခိုက်မှု မရှိကြောင်း သိရသည်။

စိုက်ပျိုးကာလ တောင်ယာရှင်းချိန်ဖြစ်၍ ယခုလို ဗုံး/မိုင်းကွဲမှုများ ထပ်မံ ပေါ်ပေါက်လာမည်ကို တောင်ယာလုပ်ငန်း လုပ်ကိုင်သူများကို စိုးရိမ်နေလျှက်ရှိကြောင်း သိရသည်။၊

"ရှေ့ဆို ခြံလုပ်ချိန် ရောက်ပြီဆိုတော့ ဗုံးကွဲသံတွေ ကြားရဦးမှာ ခြံတောင် မသွားရဲတော့ဘူး။ အကုန်ကြောက်နေရတာ။"ဟု ဒေသခံမှ Tachileik News Agency သို့ ဧပြီလ(၇)ရက်နေ့က ပြောသည်။

ဗုံးကွဲသည့် နေရာဝန်းကျင်သည် အာဏာသိမ်း စစ်ကောင်စီတပ်သားများရှိသလို အခြားလက်နက်ကိုင်တပ်ဖွဲ့များ အခြေပြုသည့် နေရာဝန်းကျင်ဖြစ်ကြောင်း သိရသည်။

ဟိုပုံးမြို့နယ်၊ ညောင်ကုန်းရွာအတွင်း ပထမဆုံး ဗုံးပေါက်ကွဲမှု ဖြစ်စဉ် အနေဖြင့် ပြီးခဲ့သည့် ၂၀၂၄ခုနှစ် ဩဂုတ်လ(၂၃)ရက်နေ့ ည(၇)နာရီခွဲဝန်းကျင်က ဗုံး(၂)လုံး ပေါက်ကွဲမှု ဖြစ်ပွားခဲ့သေးကြောင်း သိရသည်။