ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့မှ ကိုးကန့်(MNDAA)တပ်များ ပြန်လည်ဆုတ်ခွါရမည့်အခြေအနေကြောင့် လားရှိုးဆေးရုံအပါ ဌာနဆိုင်ရာရုံးများအားလုံးမှ စက်ပစ္စည်းအားလုံးကို ဧပြီလ(၂၀)ရက်နေ့ အပြီးသယ်ထုတ်ရန် စီစဉ်နေသည်ဟု MNDAA သတင်းအရင်းအမြစ်ထံမှ သိရသည်။
MNDAA ကိုစစ်ရှုံးပြီး စစ်တိုက်၍ လားရှိုးမြို့ကိုပြန်မယူနိုင်သည့် စစ်ရှုံးစစ်ကောင်စီက တရုတ်၏ အကူအညီဖြင့် လားရှိုးမြို့ ပေါ် ရပ်ကွက်များကို ပြန်လည်ရယူမည်ဖြစ်သဖြင့် ၂၀၂၅ခုနှစ် ဧပြီလ (၂၁)ရက်နေ့တွင် MNDAA တပ်များ ပြန်ဆုတ်ခွာမည်ဖြစ်ကာ ဧပြီလ (၂၂)ရက်နေ့တွင် စစ်ကောင်စီက ပြန်လည်အခြေချမည်ဖြစ်သည်။
“ဆေးရုံထဲက ပစ္စည်းတွေကို ၂၂ ဘီးကားတွေနဲ့ ၃ ရက်လောက်ရှိပြီ သယ်ထုတ်နေတာ။ ကားကြီး ကားငယ်တွေနဲ့ တင်နေတာတွေ့တယ်။ ကျွန်တော်အခုပဲ ဆေးရုံထဲဝင်ကြည့်လာတာ။ ဆေးရုံက မပိတ်သေးဘူး။ လူနာသစ်တွေကို လက်ခံနေသေးတယ်။ ၂၀ ရက်နေ့မှ ဆေးရုံကိုပိတ်မယ်လို့ ပြောတယ်။ ၂၀ ရက်နေ့မရောက်ခင်မှာတော့ ပစ္စည်းတွေ တောက်လျောက်သယ်နေတယ်။ အခုတောင် လူနာတွေကို ကုသရမယ့် ပစ္စည်းတွေ နည်းနည်းပါးပါးလောက်ပဲထားတယ်။ ၂၀ ရက်နေ့ရောက်ရင် အလုံးအရင်းနဲ့ အားလုံးသယ်သွားရမယ့် သဘောရှိတာပေါ့။”ဟု ဒေသခံတစ်ဦးက Tachileik News Agency ကို ယနေ့ ဧပြီလ (၅)ရက်နေ့ နေ့လယ်(၁)နာရီခွဲတွင် ပြောသည်။
လားရှိုးမြို့တွင် MNDAAက ဖွင့်လှစ်ထားသည့် ကျန်းမာရေး၊ ပညာရေးမှလွဲ၍ သစ်တော၊ ထွေအုပ်၊ စိုက်ပျိုးရေး၊ တိမွေးကု၊ လျှပ်စစ်စသည့်ဌာနများတွင် CDM ဝန်ထမ်း (၇၀)ဦးအထက်ရှိပြီး ထပ်မံဖွင့်လှစ်ရန် လုပ်ဆောင်နေသည့် လဝကနှင့် ကညနတို့လည်း ရှိနေသည်ဟု ဆိုသည်။
“EPC ရုံးမှာ တမြန်နေ့ကလည်း စကားများကြတယ်။ ထရန်စဖော်မာတွေ၊ မီတာဘောက်တွေ ကြိုးတွေတင်တာပေါ့နော်။ အဲဒီမှာ လားရှိုးမြို့မှာ နေခဲ့မယ့် ဝန်ထမ်းလေးတွေက လားရှိုးအတွက်လည်း ထားခဲ့ပေးပါဦးလို့ပြောတော့ သူတို့က မထားပေးနိုင်ဘူးပြောလို့ စကားများကြတယ်တဲ့။”ဟု ဒေသခံတစ်ဦးက Tachileik News Agency ကိုပြောသည်။
MNDAA သည် ဌာနဆိုင်ရာများမှ စစ်ကောင်စီလက်ထက်က ကျန်ရှိခဲ့သည့် ပစ္စည်းများကို လေကြောင်းရန်ကာကွယ်ရေးအတွက်ဟုဆိုကာ မတ်လကတည်းက သယ်ထုတ်နေပြီဖြစ်သည်ဟု ဆိုသည်။
“ရုံးတိုင်းက ကောင်းတဲ့ပစ္စည်းတွေကို သယ်ထုတ်တာပဲ။ တိမွေးကုမှာတောင် အကောင်းဆုံးပစ္စည်း သိန်းထောင်ကျော်တန် ပါကင်တွေ၊ ဓာတ်ခွဲခန်းက စက်တွေကို သယ်ထုတ်သွားပြီးပြီ။ အခုလက်ရှိမှာ စက်ပစ္စည်းအကောင်းတွေကျန်သေးတယ်။ ယာဉ်အို၊ ယာဉ်ပျက် သုံးမရတဲ့ယာဉ်တွေကအစ ကရိန်းတွေနဲ့ လာသယ်သွားပြီးပြီ။”ဟု MNDAA သတင်းအရင်းအမြစ်က Tachileik News Agency ကိုပြောသည်။
လက်ရှိတွင် ဌာနဆိုင်ရာရုံးများကို MNDAA အကြီးပိုင်းများက လိုက်လံစစ်ဆေးနေသည်ဟုလည်း သိရသည်။
“လားရှိုးမြို့အုပ်ချုပ်ရေးပိုင်းမှာ MNDAA က ဘယ်လိုမှ မပါနိုင်တော့ဘူး။ ဘာလို့လည်းဆိုတော့ အကြီးပိုင်းတွေတောင် CDMတွေ၊ နိုင်ကျဉ်းတွေပါဝင်နေတော့ အခုတောင် နိုင်ကျဉ်းတွေကို ကြိုတင်ရှောင်ရှားဖို့ပြောနေတာလေ။”ဟု MNDAA သတင်းအရင်းအမြစ်က ဆက်ပြောသည်။
MNDAA သည် လားရှိုးမြို့ပတ်ချာလည်အနီးအနားရွာအားလုံးကို အထူးဒေသ(၁)အဖြစ် သတ်မှတ်ထားပြီး စစ်အင်အားလည်းဖြည့်တင်းနေသည်။
လားရှိုးမြို့တွင် တာဝန်ကျနေသည့် MNDAA ဝန်ထမ်းများကို ၎င်းတို့ထိန်းချုပ်ထားသည့် မြို့များသို့ခေါ်ယူနေပြီး ပြောင်းရွှေ့တာဝန်ထမ်းဆောင်လိုသူများ ဧပြီလ (၈)ရက်နေ့တွက် စာရင်းပေးရန် စာရင်းတောင်းဆိုထားသည်ဟုလည်း သိရသည်။
“ကိုယ်သွားချင်တဲ့မြို့ကို တင်ပြပေးလို့ရတယ်ပေါ့။ တချို့ဌာနတွေက ပေးတဲ့လစာနဲ့ ကုန်ဈေးနှုန်းကြီးမြင့်မှုနဲ့ ဘယ်လိုမှ အဆင်မပြေသေးကြောင်း တင်ပြကြတော့ ပြန်စဉ်းစားပေးမယ် ပြောထားတယ်။”ဟု ၎င်းကဆက်ပြောသည်။
MNDAA သည် လားရှိုးမြို့မှ တရုတ်၏ ဖိအားကြောင့် ဆုတ်ခွာပေးလိုက်ရခြင်းဖြစ်သည်ဟု MNDAA သတင်းအရင်းအမြစ်က Tachileik News Agency ကိုပြောဆိုထားသည်။
၁၀၂၇ စစ်ဆင်ရေးအတွင်း MNDAA က လားရှိုး၊ လောက်ကိုင် အပါအဝင် မြို့ပေါင်း (၉)မြို့ ကို သိမ်းပိုက်ထားပြီး စစ်ကောင်စီ၏ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်ကိုလည်း အပြီးသတ်တိုက်ခိုက်သိမ်းပိုက်ထားခြင်းဖြစ်သည်။
#TachileikNewsAgency