ငလျင်ဒဏ်သင့် ဒေသများအပါ တိုင်းနှင့် ပြည်နယ်များတွင် လာမည့် (၂၄) နာရီအတွင်း မိုးရွာနိုင်သည်ဟု မိုးလေဝသ ပညာရှင် ဦးဝင်းနိုင်က ယနေ့ ၂၀၂၅ခုနှစ် ဧပြီလ (၅)ရက်နေ့တွင် အသိပေးထားသည်။
ဘင်္ဂလားပင်လယ်အော် တောင်ပိုင်းတွင် ဖြစ်ပေါ်နေသည့် လေပွေလှိုင်းကြောင့် လာမည့် (၂၄) နာရီအတွင်း ချင်း၊ ကချင်၊ ကရင်၊ မွန်နှင့် တနင်္သာရီတိုင်း ထားဝယ်မြို့ အထက်ဘက်တို့တွင် နေရာစိပ်စိပ်နှင့် ရှမ်းပြည်နယ် အရှေ့ပိုင်းတွင် မိုးများနိုင်ကာ (၂၄) နာရီအတွင်း (၄၀)မီလီမီတာအထက် (၁.၆)လက်မခန့် ရွာသွန်းနိုင်သည်ဟု ဆိုသည်။
ထို့အပြင် ရှမ်းပြည်နယ်မြောက်ပိုင်း၊ မန္တလေးတိုင်း၊ စစ်ကိုင်းတိုင်း၊ ဧရာဝတီတိုင်းတို့တွင် နေရာကျဲကျဲ မိုးထစ်ချုန်း ရွာနိုင်ကြောင်း METEOBLUE NEMS-GLOBAL Model မှ ကြိုတင်ခန့်မှန်းထားပြီး ခန့်မှန်းမိုးရေချိန်မှာ ၂၄ နာရီအ တွင်း(၅)မီလီမီတာခန့် (၀.၂)လက်မခန့်အထိ ရွာသွန်းနိုင်သည်ဟု ဆိုသည်။
ယနေ့ နေ့လယ်(၁၂)နာရီတွင် ကပ္ပလီပင်လယ်နှင့် ဘင်္ဂလားပင်လယ်အော်တို့တွင် တိမ်ထူထပ်လာတာတွေ့ရပြီး ပင်လယ်ရေမျက်နှာပြင်အထက်အမြင့် (၁.၃)ကီလိုမီတာအမြင့်တွင် လေဝဲစီးကြောင်း(လေပွေလှိုင်း)တစ်ခု ဖြစ်ပေါ်နေကြောင်း အိန္ဒိယမိုးလေဝသဌာနက ကြေညာထားသည်။
ဘင်္ဂလားပင်လယ်အော်တွင် သိသာထင်ရှားသည့် လေဖိအားနည်းရပ်ဝန်းတစ်ခု ဧပြီလ(၆)ရက်နှင့် (၇)ရက်နေ့တို့ တွင် ဖြစ်ပေါ်နိုင်ကြောင်း Global Forecast model များမှ ခန့်မှန်းထားသည်ဟု သိရသည်။
#TachileikNewsAgency
Photo:Win Naing