ထိုင်းနိုင်ငံသို့ သွားမည့်သူများ ဒစ်ဂျစ်တယ် ဆိုက်ရောက်ကဒ် (၃)ရက်အတွင်း ကြိုတင် ဖြည့်သွင်းရတော့မည် 

ထိုင်းနိုင်ငံသို့ သွားမည့်သူများ ဒစ်ဂျစ်တယ် ဆိုက်ရောက်ကဒ် (၃)ရက်အတွင်း ကြိုတင် ဖြည့်သွင်းရတော့မည် 
ဧပြီ 3, 2025 | ကမ္ဘာ့သတင်း

 ထိုင်းနိုင်ငံသို့ လာရောက်သည့် နိုင်ငံခြားသားအားလုံး အွန်လိုင်းမှ ဆိုက်ရောက်ကဒ် ဖြည့်ရမည့်စနစ်ကို ၂၀၂၅ ခုနှစ် မေလ (၁)ရက်နေ့မှစ၍ ကျင့်သုံးသွားတော့မည်ဖြစ်သည်။

အဆိုပါ စနစ်သစ်အရ ထိုင်းနိုင်ငံသို့ ကုန်းလမ်း၊ ရေလမ်း၊ လေကြောင်းလမ်းများမှ ဝင်ရောက်ကြမည့် နိုင်ငံခြားသားအားလုံး ဒစ်ဂျစ်တယ်ဆိုက်ရောက်ကဒ် ( Digital Arrival Card- TDAC) ကို ထိုင်းနိုင်ငံသို့ မဝင်မီ (၃)ရက်ကြိုတင် ဖြည့်သွင်းကြရမည်ဖြစ်သည်။

ထိုင်းနိုင်ငံသို့ မည်သည့်ပြည်ဝင်ခွင့်ဗီဇာအမျိုးအစားဖြင့်မဆို ဝင်ရောက်မည့်သူအားလုံး  https://tdac.immigration.go.th တွင် ဝင်ရောက်ပြီး လိုအပ်သည့် အချက်အလက်များဖြစ်သည့် အမည်၊ နိုင်ငံသား၊ ဖုန်းနံပါတ်၊ အီးမေးလ်လိပ်စာနှင့် နိုင်ငံကူးလက်မှတ်အချက်အလက်များအပြင် လေယာဉ်နံပါတ်၊ ထိုင်းနိုင်ငံသို့ လာရောက်သည့် ရည်ရွယ်ချက်နှင့် ထိုင်းနိုင်ငံတွင် နေထိုင်တည်းခိုမည့် လိပ်စာတို့ကို ဖြည့်သွင်းကြရမည်ဖြစ်သည်။

အဆိုပါအချက်အလက်များ ဖြည့်သွင်းပြီးပါက မိမိ၏ အီးမေးလ်လိပ်စာတွင် ဖြည့်သွင်းမှုအောင်မြင်ကြောင်း အကြောင်းကြားစာ ရောက်ရှိလာမည်ဖြစ်ပြီး ယင်းအကြောင်းကြားစာအား ထိုင်းနိုင်ငံသို့ ဝင်ရောက်ချိန်တွင် ထိုင်းလူဝင်မှုကြီးကြပ်ရေးထံ ပြသရမည်ဖြစ်ကြောင်း သိရသည်။