တရုတ်နိုင်ငံကြက်ခြေနီ အသင်းယာဉ်တန်းကို ပစ်ခတ်ခဲ့ကြောင်း စစ်ကောင်စီဝန်ခံ

တရုတ်နိုင်ငံကြက်ခြေနီ အသင်းယာဉ်တန်းကို ပစ်ခတ်ခဲ့ကြောင်း စစ်ကောင်စီဝန်ခံ

ငလျင်ဘေးသင့်ပြည်သူများအတွက် ထောက်ပံ့ရေးပစ္စည်းများ သယ်ဆောင်လာသည့် တရုတ်နိုင်ငံကြက်ခြေနီ အသင်းယာဉ် (၉)စီးကို ပစ်ခတ်ကြောင်း ယနေ့ ၂၀၂၅ခုနှစ် ဧပြီလ(၂)ရက်နေ့တွင် စစ်ကောင်စီ၏ ပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက ဝန်ခံပြောဆိုသည်။

ငလျင်ဘေးသင့်ပြည်သူများအတွက် ဆေးဝါးများသယ်ဆောင်လာသည့် တရုတ်ကြက်ခြေနီယာဉ်တန်းကို ဧပြီလ(၁)ရက်နေ့ ည(၉)နာရီကျော်တွင် နောင်ချိုမြို့နယ် အုမ္မတီးရွာအနီး၌ စစ်ကောင်စီတပ်က တားဆီးရာ မရ၍ မိုးပေါ်ထောင်ကာ သေနတ်(၃)ချက် ပစ်ဖောက်ခဲ့ခြင်းဖြစ်သည်ဟု ဇော်မင်းထွန်းက ပြောဆိုသည်။

“အခုဖြစ်ခဲ့တဲ့အဖွဲ့တွေနဲ့ မြန်မာနိုင်ငံကိုရော သက်ဆိုင်ရာ စစ်သံရုံးကိုရော အကြောင်းကြားထားခြင်း မရှိပါဘူး။ ဖြစ်စဉ်တွေက နောင်ချိုမြို့နယ် အုမ္မတီးရွာအနီးမှာ ဖြစ်ခဲ့တာဖြစ်တယ်။ အဲဒီနေရာမှာလည်း ထိတွေ့တိုက်ပွဲတွေ ဖြစ်ပွားနေတာကို အားလုံးတွေ့ရှိနိုင်ပါတယ်။ နောင်ချိုဘက်ကနေပြီး ယာဉ်တန်း(၉)စီးလောက်ပေါ့နော်။ အုမ္မတီးရွာနားမှာ တပ်မတော်လုံခြုံရေးရှိပါတယ်။ ဒီယာဉ်တန်းကို တွေ့တဲ့အခါမှာ တားဆီးပါတယ်။ တားဆီးလို့မရပါဘူး။ မီတာ ၂၀၀ လောက်အကွာမှာ မီးထိုးပြီး တားဆီးတယ်။ တားဆီးလို့မရပါဘူး။ မီတာ ၁၀၀ လောက်အကွာမှာတော့ မိုးပေါ်ထောင်ပြီး သေနတ်နဲ့ ၃ ချက်ပစ်ဖောက်ခဲ့တယ်။ နောင်ချိုဘက်ကိုပြန်သွားတယ်လို့ အကြမ်းဖျင်းသိရပါတယ်။”ဟု စစ်ကောင်စီ၏ ပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောသည်။ 

အဆိုပါကိစ္စနှင့်ပတ်သက်၍ စစ်ကောင်စီဘက်ကစုံစမ်းနေပြီး တရုတ်ကြက်ခြေနီအဖွဲ့နှင့်လည်း ပတ်သက်ပြီးလည်း မေးမြန်းနေကာ ကြိုတင်အကြောင်းခြင်းများပြုလုပ်ရန် မေတ္တာရပ်ခံသည်ဟု ၎င်းက ဆိုသည်။

ထို့အပြင် မြန်မာငလျင်အတွက် နိုင်ငံပေါင်း(၁၅)နိုင်ငံမှ လေယာဉ်(၅၃)စီးဖြင့် လေကြောင်းထောက်ပံ့မှုအပြင် အိန္ဒိယနိုင်ငံမှ သင်္ဘောနှစ်စီးဖြင့် ထောက်ပံ့ထားပြီး ကယ်ဆယ်ရေးဝန်ထမ်းပေါင်း (၁,၅၁၉)ဦး ရောက်ရှိနေပြီဟု သိရသည်။

ထောက်ပံ့ရေးပစ္စည်း တန်ချိန်(၃၅၄)တန်ကျော်နှင့် ကယ်ဆယ်ရေးပစ္စည်း(၄၉၅)တန်ကျော်ရောက်ရှိပြီးဖြစ်သည် ဟုလည်း ဆိုသည်။

စစ်ကောင်စီလော်ဘီများကမူ တရုတ်ကြက်ခြေနီယာဉ်တန်းသည် ဧပြီလ(၁)ရက်နေ့ ညပိုင်းကတည်းက မန္တလေးမြို့သို့ ရောက်ရှိသွားပြီဟု ပြောဆိုသော်လည်း အဆိုပါအဖွဲ့မှာ လူချည်းလိုက်ပါသည့် အဖွဲ့ဖြစ်သည်ဟု TNLA က ဆိုသည်။

“ထောက်ပံ့ရေးပစ္စည်းတွေ သယ်ဆောင်လာတဲ့ တရုတ်နိုင်ငံကြက်ခြေနီ အသင်းယာဉ်(၉)စီးက အခုထိ နောင်ချို မှာပဲ ရှိနေတယ်။ မန္တလေးကိုရောက်တာက လူတရုတ်အဖွဲ့ပါ။ လူအရင်ရောက်တာပါ။ ဆေးပစ္စည်းသယ်လာတဲ့ ကားတွေကို ပစ်ခတ်တာ။”ဟု TNLA ရဲဘော်က Tachileik News Agency ကို ဧပြီလ(၂)ရက်နေ့တွင် ပြောသည်။ 

၎င်းယာဉ်တန်းများသည် မန္တလေးမြို့သို့ ခရီးဆက်သွားမည့်အကြောင်းကိုလည်း စစ်ကောင်စီထံ သတင်းပေးပို့ခဲ့ပြီးဖြစ်သော်လည်း လမ်းခရီးတွင် ပစ်ခတ်ခံခဲ့ရပြီးနောက် နောင်ချိုမြို့သို့ ပြည်လည် ဆုတ်ခွာလာရခြင်းဖြစ်သည် ဟု TNLA က ထုတ်ပြန်ထားသည်။