ငလျင်အတွက် လာရောက်သည့် တရုတ် ကြက်ခြေနီ ထောက်ပံ့ရေးယာဉ်ကို စစ်ကောင်စီတပ်က ပစ်ခတ်၍ နောင်ချိုတွင် သောင်တင်နေ

ငလျင်အတွက် လာရောက်သည့် တရုတ် ကြက်ခြေနီ ထောက်ပံ့ရေးယာဉ်ကို စစ်ကောင်စီတပ်က ပစ်ခတ်၍ နောင်ချိုတွင် သောင်တင်နေ
ဧပြီ 2, 2025 | ရှမ်းမြောက်

ငလျင်ဘေးသင့်ပြည်သူများအတွက် ထောက်ပံ့ရေးပစ္စည်းများ သယ်ဆောင်လာသည့် တရုတ်နိုင်ငံကြက်ခြေနီအသင်းယာဉ်(၉)စီးမှာ ရှမ်းပြည်နယ်မြောက်ပိုင်း နောင်ချိုမြို့နယ်တွင် ၂၀၂၅ခုနှစ် ဧပြီလ (၂)ရက်နေ့ နံနက်(၁၀)နာရီအချိန်အထိ သောင်တင်နေဆဲဖြစ်ကြောင်း TNLA ထံမှ သိ ရသည်။

ငလျင်ဘေးသင့်ပြည်သူများအတွက် ဆေးဝါးများ သယ်ဆောင်လာသည့် တရုတ်ကြက်ခြေနီယာဉ်တန်းကို စစ်ကောင်စီတပ်က ၂၀၂၅ခုနှစ် ဧပြီလ(၁)ရက်နေ့ ည(၉)နာရီကျော်တွင် နောင်ချိုမြို့နယ် အုမ္မတီးရွာအနီး၌  စက်လက်နှင့်ပစ်၍ နောက်ပြန်လှည့်ခဲ့ရခြင်း ဖြစ်သည်။

“စစ်ကောင်စီဘက်က မပစ်တော့ဘူးဆိုရင် ဆက်သွားလို့ ရပါပြီ။ ထိန်ချုပ်နယ်မြေဘက်မှာတော့ စောင့်ရှောက်ထားပါတယ်။”ဟု TNLA ရဲဘော်တစ်ဦးက Tachileik News Agency ကို ဧပြီလ(၂)ရက်နေ့ နံနက်ပိုင်းတွင် ပြောသည်။

စစ်ကောင်စီလော်ဘီများကမူ တရုတ်ကြက်ခြေနီယာဉ်တန်းသည် ဧပြီလ(၁)ရက်နေ့ ညပိုင်းကတည်းက မန္တလေးမြို့သို့ ရောက်ရှိသွားပြီဟု ပြောဆိုသော်လည်း အဆိုပါအဖွဲ့မှာ လူချည်းလိုက်ပါသည့် အဖွဲ့ဖြစ်သည်ဟု TNLA က ဆိုသည်။

“ထောက်ပံ့ရေးပစ္စည်းတွေ သယ်ဆောင်လာတဲ့ တရုတ်နိုင်ငံကြက်ခြေနီ အသင်းယာဉ်(၉)စီးက အခုထိ နောင်ချိုမှာပဲ ရှိနေတယ်။ မန္တလေးကို ရောက်တာက လူ တရုတ်အဖွဲ့ပါ။ လူအရင်ရောက်တာပါ။ ဆေးပစ္စည်းသယ်လာတဲ့ ကားတွေကို ပစ်ခတ်တာ။”ဟု TNLA ရဲဘော်က ဆက်ပြောသည်။

၎င်းယာဉ်တန်းများသည် မန္တလေးမြို့သို့ ခရီးဆက်သွားမည့် အကြောင်းကိုလည်း စစ်ကောင်စီထံ သတင်းပေးပို့ခဲ့ပြီး ဖြစ်သော်လည်း လမ်းခရီးတွင် ပစ်ခတ်ခံခဲ့ရပြီးနောက် နောင်ချိုမြို့သို့ ပြည်လည် ဆုတ်ခွာလာရခြင်းဖြစ်သည်။

အင်အားပြင်း ငလျင်လှုပ်ခတ်မှုကြောင့် မန္တလေး၊ စစ်ကိုင်းနှင့် ရှမ်းတောင်တို့တွင် အကူအညီများစွာ လိုအပ်နေချိန်ဖြစ်ပြီး နိုင်ငံတကာမှ အကူအညီများကို စစ်ခေါင်းဆောင်က ဖိတ်ခေါ်နေသော်လည်း အောက်ခြေတွင် အမိန့်မနာခံမှုများရှိနေသည်။

စစ်ကောင်စီတွင် ငလျင်ဒဏ်သင့်ပြည်သူများအတွက် ကယ်ဆယ်ရေးလှုပ်နိုင်ရန် အင်အား မရှိခြင်း၊ နည်းပညာမရှိခြင်း၊ စက်ပစ္စည်းမရှိခြင်းတို့ကြောင့် အခက်အခဲများစွာတွေ့နေသည်ဟုလည်း ရောက်ရှိနေသည့် တရုတ်ကယ်ဆယ်ရေးအဖွဲ့များက ဝေဖန်ထားသည်။ 

လက်ရှိတွင် ညီနောင်မဟာမိတ်(၃)ဖွဲ့က ငလျင်ကယ်ဆယ်ရေးအတွက် ဧပြီတစ်လလုံး အပစ်ရပ်မည်ဟု ကြေညာထားပြီး NUG ကလည်း ထိုးစစ်များ ရပ်နားထားကြောင်း ကြေညာထားသည်။

သို့သော်လည်း စစ်ခေါင်းဆောင်က ကယ်ဆယ်ရေးအတွက် အပစ်ရပ်မည်ဆိုသော လက်နက်ကိုင်တပ်ဖွဲ့များ၏ ကမ်းလှမ်းချက်များကို ပယ်ချလိုက်ပြီး လိုအပ်သည့်ကာကွယ်ရေးဆိုင်ရာ လုပ်ငန်းများကို ဆက်လက်ဆောင်သွားမည်ဟု ပြောဆိုသည်။

၎င်းက ယင်းသို့ မပြောဆိုခင်ကတည်းကပင် စစ်ကောင်စီသည် ရခိုင်၊ ရှမ်းပြည်နယ်၊ စစ်ကိုင်းနှင့် မကွေးတို့ကို လေကြောင်းတိုက်ခိုက်မှုများနှင့် စစ်ကြောင်းထိုးမှုများ ဆက်တိုက်ဆက်လုပ်နေသည်။

Photo: TNLA

#TachileikNewsAgency