MNDAA ခရိုင် ၄ ခု၏ စစ်ဦးစီးချုပ်များကို တရုတ် အရေးတကြီးခေါ်ယူ

MNDAA ခရိုင် ၄ ခု၏ စစ်ဦးစီးချုပ်များကို တရုတ် အရေးတကြီးခေါ်ယူ

တရုတ်နိုင်ငံ ကူမင်းမြို့တွင် ကိုးကန့်တပ်(MNDAA)နှင့် စစ်ကောင်စီတို့၏ မတ်လဆွေးနွေးပွဲမတိုင်မီ ကိုးကန့်ခရိုင်(၄)ခု၏ စစ်ဦးစီးချုပ်များကို တရုတ်က အရေးတကြီးခေါ်ယူ၍ တွေ့ဆုံနေသည်ဟု MNDAA သတင်းအရင်းအမြစ်ထံမှ သိရသည်။

၁၀၂၇ စစ်ဆင်ရေးအပြီး တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့သည့် ဒေသများကို တိုးချဲ့ပြင်ဆင်ဖွဲ့စည်းလိုက်သည့် MNDAA၏ ကိုးကန့်ခရိုင်၊ မုံးကိုးခရိုင်၊ ကွတ်ခိုင်ခရိုင်၊ သိန္နီခရိုင်တို့မှ စစ်ဦးစီးချုပ်များကို တရုတ်ဘက်က ခေါ်ယူသည့်အတွက် ၂၀၂၅ ခုနှစ် မတ်လ(၁၁)ရက်နေ့တွင် တရုတ်နိုင်ငံသို့ ထွက်ခွာသွားသည်ဟု ဆိုသည်။ 

“ဘယ်ကိုသွားတယ်ဆိုတဲ့ ဌာနေတော့ မသိရဘူး။ ခရိုင် ၄ ခုက စစ်ဦးစီးချုပ် ၄ ယောက်ကို တရုတ်က ဆိုင်းမဆင့် ဗုံမဆင့်ခေါ်လို့ သွားကြပြီ။ စစ်ဦးစီးချုပ်တွေတော့ ခရိုင် ၄ ခုလုံးမှာ တစ်ယောက်မှမရှိဘူး။ ဘာကြောင့်ခေါ်ယူတယ်ဆိုတာတော့ မသိရသေးဘူး။”ဟု MNDAA သတင်းအရင်းအမြစ်က Tachileik News Agency ကိုပြောသည်။

ပြီးခဲ့သည့် ဇန်နဝါရီလ (၁၅)ရက်နေ့က MNDAA နှင့် စစ်ကောင်စီတို့ ကူမင်းမြို့၌ ဆွေးနွေးခဲ့ကြပြီးနောက် ဇန်နဝါရီလ (၁၈)ရက်နေ့မှစတင်ကာ အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ်ကို တရားဝင် လက်မှတ်ရေးထိုးလိုက်ကြသည်။ 

ထို့နောက် စစ်ကောင်စီတပ်၏ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုများ ရပ်တန့်သွားခဲ့ပြီး ယခု မတ်လ(၂၂)ရက်နေ့တွင် MNDAAနှင့် စစ်ကောင်စီတို့သည် တရုတ်နိုင်ငံ ကူမင်းမြို့၌ပင် ထပ်မံတွေ့ဆုံကြမည်ဖြစ်သည်။

“တကယ်လို့ ညှိမရလို့ ပြန်ပေးလိုက်ရရင်တောင်မှ ဒါကဆွေးနွေးပွဲပြီးမှနော် အတိတကျမဟုတ်သေးဘူး။ ရပ်ကွက်ကြီး ၁၂ ခုကို ပေးလိုက်ရရင်တောင် ပတ်ချာလည်က နယ်မြေတွေအားလုံးကို သိန္နီထဲထည့်ထားတယ်။ နောက်ဆုံး နားဖားတောင်မှ သိန္နီနယ်ထဲထည့်ထားလို့ ပြန်ပေးရမယ်ဆိုတာတောင် အဲဒီနေရာတွေမပါဘူး ။ ဆွေးနွေးမှုအပေါ်မှာပဲမူတည်တာ။ အကြမ်းဖျဉ်းကတော့ ဒီလိုလုပ်ထားတယ်။”ဟု MNDAA သတင်းအရင်းအမြစ်က ဆက်ပြောသည်။

မတ်လ (၁၁)ရက်နေ့က တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန၊ အာရှရေးရာအထူးကိုယ်စားလှယ် H.E. Mr. Deng Xijun သည် စစ်ခေါင်းဆောင်အား နေပြည်တော်၌ လာရောက်တွေ့ဆုံခဲ့သည်။

အဆိုပါတွေ့ဆုံပွဲတွင် စစ်ကောင်စီ၏ ရွေးကောက်ပွဲကျင်းပနိုင်ရေး ကြိုတင်ပြင်ဆင်နေမှုအပေါ် တရုတ်နိုင်ငံမှ အပြုသဘောဆောင်သည့် ပူးပေါင်းဆောင်ရွက်မှု၊ မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးဖြစ်စဉ်၌ တရုတ်နိုင်ငံနှင့် ပူးပေါင်းဆောင်ရွက်နေမှု အခြေအနေကိုလည်း ဆွေးနွေးသွားသည်ဟု စစ်ကောင်စီဘက်က ထုတ်ပြန်သည်။

“ပြီးတော့ လားရှိုးကို စစ်ကောင်စီရဲ့ လဝက ဘက်က ဒီလကုန်လောက် ဝင်လာနိုင်တယ်လို့လည်း သိထားရတယ်။ ဝင်လာနိုင်စရာရှိတယ်လို့ပဲ သိထားရတာ။ ဝင်လာမယ်လို့တော့ အတိတကျတော့ မဟုတ်သေးဘူး။ ရွေးကောက်ပွဲအတွက်ကြောင့်လား သန်းခေါင်းစာရင်း လာကောက်ချင်တာလားတော့ မသိဘူး ဒါကမသေချာဘူး။ နှစ်ဖက်နားလည်မှုနဲ့ လဝက က ဝင်ချင်လည်း ဝင်လာနိုင်တယ်လို့ပြောတာပါ။ စစ်ကောင်စီတပ်ကတော့ လက်နက်နဲ့ဝင်လာလို့မရဘူး။ ဝင်လာရင်လည်း MNDAAရဲ့ လားရှိုးမြို့ကို လည်ပတ်နေတဲ့ ဝန်ထမ်းတွေကတော့ စစ်ကောင်စီရဲ့ လဝက ဝန်ထမ်းတွေကို မကြိုက်ရင် မကြိုက် ကြေင်းပြောလို့ရတယ်။ ကိုယ်ကစင်ပေါ်ကပဲ။”ဟု ၄င်းကဆက်ပြောသည်။

စစ်ကောင်စီ၏ လူဝင်မှုကြီးကြပ်ရေးဌာနမှ ဝန်ထမ်းများ ဝင်လာမည်ဆိုပါကလည်း လားရှိုးမြို့ကို MNDAA၏ အထူးဒေသ(၁)ကသာ ဆက်လက်အုပ်ချုပ်မည်ဟု ဆိုသည်။

“MNDAA က လားရှိုးမြို့ ဖွံ့ဖြိုးတိုးတက်ရေးကိုလည်း အားသွန်ခွန်စိုက်လုပ်နေတယ်။ ဌာနဆိုင်ရာတွေက ကောင်းတဲ့ပစ္စည်းတွေကိုလည်း လေကြောင်းရန်ကာကွယ်ဖို့ သယ်ထုတ်ပြီး လုံခြုံတဲ့နေရာကို ပို့ထားတာလည်းရှိတယ်။”ဟု ၄င်းက ဆက်ပြောသည်။ 

ထို့အပြင် MNDAA သည် ဧပြီလအတွင်း လားရှိုးမြို့တွင် သင်္ကြန်ကို အကြီးအကျယ် ကျင်းပပေးရန်ရှိနေပြီး ရပ်ကွက်ကြီး(၁၂)ခုလုံးကို ယိမ်းအကများထွက်ရန်လည်း ပြောဆိုထားသည်ဟု ဆိုသည်။

“ပြိုင်ပွဲအသွင်ဖြစ်မလား ဒါမှမဟုတ် ဖျော်ဖြေရေးအသွင်ဖြစ်မလားတော့ မသိရသေးဘူး။ မဏ္ဍပ်ကိုတော့ မြို့တော်ခန်းမဘက်နဲ့ နောက်တစ်ခုမှာ လျာထားပါတယ်။ လမ်းလျှောက်သင်္ကြန်လမ်း ဖြစ်ချင်ဖြစ်လာနိုင်ပါတယ်။”ဟု ၄င်းက ဆက်ပြောသည်။

ထို့အပြင် သီရိလင်္ကာနိုင်ငံမှ ပင့်ဆောင်လာသည့် မြတ်ဆွယ်တော်ပွားကို တရုတ်ဘက်မှတဆင့် လားရှိုးမြို့သို့ မတ်လ(၁၁)ရက်နေ့က ပင့်ဆောင်ထားပြီး ယခုလကုန်အထိ ရန်တိုင်းအောင်ဘုရားတွင် အပူဇော်ခံနေပြီဟုလည်း ဆိုသည်။

“ရန်တိုင်းအောင်ဘုရားမှာ ဆွယ်တော်ပင့်တဲ့ကိစ္စပြီးရင် လားရှိုးမြို့မှာ လောင်းကစားပေးမလုပ်တော့ဘူး။ ၂လုံး၊ ၃ လုံး၊ ဘောလုံးကအစ ကြပ်တော့မယ်။”ဟု ၄င်းကပြောသည်။

၁၀၂၇ စစ်ဆင်ရေးအတွင်း MNDAA က လားရှိုး၊ လောက်ကိုင် အပါအဝင် မြို့ပေါင်း(၉)မြို့ ကို သိမ်းပိုက်ထားပြီး စစ်ကောင်စီ၏ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်ကိုလည်း အပြီးသတ်တိုက်ခိုက်သိမ်းပိုက်ထားသည်။

#TachileikNewsAgency