နိုင်ငံတော်အဆင့် ဝမ်းနည်းခြင်း အထိမ်းအမှတ်ရက်တွင် စစ်ကောင်စီတပ်က နောင်ချိုမြို့နယ်အတွင်း ကျေးရွာ (၂)ရွာကို လေကြောင်းကနေ ဗုံးကြဲ

နိုင်ငံတော်အဆင့် ဝမ်းနည်းခြင်း အထိမ်းအမှတ်ရက်တွင် စစ်ကောင်စီတပ်က နောင်ချိုမြို့နယ်အတွင်း ကျေးရွာ (၂)ရွာကို လေကြောင်းကနေ ဗုံးကြဲ

နိုင်ငံတော်အဆင့် ဝမ်းနည်းခြင်း အထိမ်းအမှတ်ရက်တွင် စစ်ကောင်စီတပ်က နောင်ချိုမြို့နယ်အတွင်း ကျေးရွာ (၂)ရွာကို လေကြောင်းကနေ ဗုံးကြဲ 

* * * * 

နိုင်ငံတော်အဆင့် ဝမ်းနည်းခြင်း အထိမ်းအမှတ်ရက်တွင် စစ်ကောင်စီသည် ရှမ်းပြည်နယ်မြောက်ပိုင်း နောင်ချိုမြို့နယ်အတွင်း တောင်လှရွာနှင့် ဂေါ်ရခါးရွာတို့ ဒရုန်း၊ ဂျက်ဖိုက်တာတို့ဖြင့် ဗုံးကြဲတိုက်ခိုက်၍ အရပ်သား(၅)ဦး ထိမှန် ဒဏ်ရာရသည်ဟု သိရသည်။ 

ယနေ့ ၂၀၂၅ခုနှစ် ဧပြီလ(၁)ရက် နံနက်(၁၁)နာရီ၀န်းကျင်တွင် စစ်ကောင်စီတပ်သည် အုမ္မတီး-ဆမ္မဆယ်ကျေးရွာ ကြားရှိ တောင်လှရွာနှင့် ဂေါ်ရခါးရွာတို့ကို ဒရုန်းဖြင့်တစ်ကြိမ်၊ ဂျက်ဖိုက်တာဖြင့်တစ်ကြိမ် ဗုံးကြဲတိုက်ခိုက်၍ အရပ်သား (၅)ဦးဒဏ်ရာရကာ နေအိမ်(၂)လုံး ပျက်စီးသည်ဟု TNLA က သတင်းထုတ်ပြန်ထားသည်။ 

မတ်လ(၃၁)ရက်နေ့ကလည်း စစ်ကောင်စီတပ်မှ (၁၂၀)မမ ဗုံးသီးသယ်ဆောင်လာသည့် ဒရုန်းဖြင့် နောင်ချိုမြို့ နယ် ကျောက်ကြမ်းကျေးရွာကို ကြဲချတိုက်ခိုက်ခဲ့သည်။ 

ငလျင်လှုပ်ခတ်သည့် မတ်လ(၂၈)ရက်နေ့တွင်လည်း နေ့လယ်(၁)နာရီကျော်တွင် နောင်လင်ကျေးရွာအတွင်းသို့  ပေါင်(၂၅၀)ဗုံး နှစ်လုံးကြဲချခြင်းကြောင့် နေအိမ် (၃)လုံးနှင့် စာသင်ကျောင်း (၂)ကျောင်းပျက်စီးခဲ့သည်။

စစ်ကောင်စီတပ်သည် ငလျင်လှုပ်ခတ်၍ ထိခိုက်သေဆုံးရများအတွက်ဟုဆိုကာ မတ်လ(၃၁)ရက်နေ့မှ ဧပြီလ(၆) ရက်နေ့အထိကို နိုင်ငံတော်အဆင့် ဝမ်းနည်းခြင်းအထိမ်းအမှတ်နေ့ရက်ဟု သတ်မှတ်ထားသည်။

မြန်မာနိုင်ငံအတွင်း ငလျင်ဘေးကြောင့် (၄)ရက် အကြာအထိ ပိတ်မိနေသည့် ပြည်သူများကို ကူညီကယ်ဆယ်နိုင်ရန်အတွက် နိုင်ငံပေါင်း (၁၀)နိုင်ငံကျော်မှ စစ်တပ်နှင့် ကယ်ဆယ်ရေးအဖွဲ့များ လာရောက် ကူညီပေးနေချိန်တွင် အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ စစ်တပ်သည် လေကြောင်းနှင့်ဒရုန်းတို့ဖြင့် ဗုံးကြဲတိုက်ခိုက်မှုများကို ဆက်လက် လုပ်ဆောင်နေလျှက်ရှိသည်။