ငလျင်လှုပ်ခတ်ပြီးနောက် ဘိလပ်မြေဈေးများ မြင့်တက်လာသဖြင့် အိမ်ဆောက်ပစ္စည်းဆိုင်အများစု အရောင်းပိတ်ထားရသည်ဟု အိမ်ဆောက်ပစ္စည်းအရောင်းဆိုင်တချို့ထံမှ စုံစမ်းသိရှိရသည်။
၂၀၂၅ခုနှစ် မတ်လ (၂၈)ရက်နေ့က အင်အားပြင်းငလျင်လှုပ်ခတ်ပြီးနောက် ဘိလပ်မြေဈေးနှုန်းမှာ ငွေကျပ်တစ်သောင်းဝန်းကျင်အထိ မြင့်တက်လာခြင်းကြောင့် ဆိုင်အများစုမှာ အရောင်းရပ်နားထားသည်ဟု ဆိုသည်။
“မနေ့က Alpha ဘိလပ်မြေတစ်အိတ်ကို ငွေကျပ် နှစ်သောင်းဝန်ကျင်ဗျ။ ဒီနေ့ သုံးသောင်းကျော် ခုန်တက်သွားတယ်။ အခု Dealer ဖွင့်စျေး ၂၉၀၀၀ ကျပ်ရှိတယ်။ ဆိုင်တွေက ၃၀၀၀၀ ကျော် ရောင်းရမယ်လေ။ ဒါပေမယ့် ပစ္စည်းမရှိပါဘူး။”ဟု အိမ်ဆောက်ပစ္စည်းအရောင်းဆိုင်ပိုင်ရှင်တစ်ဦးက Tachileik News Agency ကိုပြောသည်။
ရန်ကုန်တွင် Alpha တံဆိပ် ဘိလက်မြေကို အသုံးအများသော်လည်း Alpha ဘိလက်မြေစက်ရုံမှာ ငလျင်ကြောင့် စက်ရုံပိတ်ထားခြင်းနှင့် လမ်းခရီး ခက်ခဲခြင်းတို့ကြောင့် ဈေးတက်လာခြင်းဖြစ်သည်ဟု ဆိုသည်။
“ကျွဲကူးရေပါဆိုသလို ကျန်တဲ့ ဘိလပ်မြေတွေပါ စျေးတက်တာပေါ့။ နက်ဖြန်ရုံးပိတ်ရက်တွေရှိသေးတော့ တနင်္လာနေ့မှ စျေးကွက် အတိအကျသိရမှာပါ။ ခုတော့ အရောင်းပိတ်ထားကြပါတယ်။”ဟု အိမ်ဆောက်ပစ္စည်းအရောင်းဆိုင်ပိုင်ရှင်က ဆက်ပြောသည်။
ဘိလက်မြေများ ဈေးတက်ခြင်းမဟုတ်ဘဲ စျေးကစားခြင်းဖြစ်ပြီး ခေတ်အခြေအနေကိုနင်း၍ အမြတ်ကြီးစားနေကြခြင်းဖြစ်သည်ဟုလည်း ၎င်းက မှတ်ချက်ပြုသည်။
မြန်မာနိုင်ငံအတွင်း ၂၀၂၅ခုနှစ် မတ်လ(၂၈)ရက်နေ့ မြန်မာစံတော်ချိန် နေ့လယ်(၁၂)နာရီ (၅၁)မိနစ် (၀၂)စက္ကန့် အချိန်က မန္တလေးမြေငလျင်စခန်းမှ အရှေ့မြောက်ဘက် (၂၁)ကီလိုမီတာခန့် ကွာဝေးသော မြန်မာနိုင်ငံပြည်တွင်း (မန္တလေးမြို့၏ အရှေ့ မြောက်ဘက် (၂၀) ကီလိုမီတာခန့်အကွာ)တွင် အင်အား ရစ်(ခ်)တာစကေး (၇.၇) အဆင့်ရှိ သည့် အင်အားအလွန်ပြင်းထန် ငလျင်လှုပ်ခတ်သွားခြင်းဖြစ်သည်။
ငလျင်ဒဏ်ကြောင့် စစ်ကိုင်း၊ မန္တလေးနှင့် ရှမ်းတောင်တို့တွင် အပျက်အစီးများပြီး ယနေ့နေ့လယ်ပိုင်းအထိ စစ်ကောင်စီ၏ ထုတ်ပြန်ချက်အရ လူပေါင်း(၁၀၀၀)ကျော်သေဆုံးပြီး (၂၀၀၀)နီးပါး ဒဏ်ရာရရှိထားသည်ဟု သိရသည်။
#TachileikNewsAgency