ငလျင်ဒဏ်ကြောင့် ထိခိုက်ဒဏ်ရာရသူများအတွက် မန္တလေးမြို့တွင် ဆရာဝန်(၆၀)ဦး စုစည်း၍ အခမဲ့ဆေးခန်းဖွင့်လှစ်ပေးရန်စီစဉ်နေ

ငလျင်ဒဏ်ကြောင့် ထိခိုက်ဒဏ်ရာရသူများအတွက် မန္တလေးမြို့တွင် ဆရာဝန်(၆၀)ဦး စုစည်း၍ အခမဲ့ဆေးခန်းဖွင့်လှစ်ပေးရန်စီစဉ်နေ

အင်အားပြင်းငလျင်လှုပ်ခတ်မှုကြောင့် ထိခိုက်သေဆုံးသူအရေအတွက်များလာခြင်းကြောင့် မန္တလေးမြို့တွင် ဆရာဝန်(၆၀)ဦး စုစည်း၍ အခမဲ့ဆေးခန်းဖွင့်လှစ်ပေးရန် စီစဉ်နေသည်ဟု သိရသည်။

“လောလောဆယ်က teleclinic အွန်လိုင်းဆေးခန်းအနေနဲ့စတာပါ။ မြေပြင်မှာ မိုဘိုင်းဆေးခန်းတွေအနေနဲ့ဆက်လုပ်နိုင်အောင် ကြိုးစားသွားဖို့လည်းရှိပါတယ်။ အခုစဖွင့်နေပါပြီဗျ။ လူနာ (၅၀) ကျော်ကို ဝန်ဆောင်မှုစပေးနေပါ ပြီ။”ဟု အခမဲ့ ပြည်သူ့ ဆေးခန်း - FOC Teleclinic မှ ဆရာဝန်တစ်ဦးက Tachileik News Agency ကိုပြောသည်။

ငလျင်ဒဏ်ကြောင့် ထိခိုက်ရသူအရေအတွက်များလာပြီး မန္တလေးဆေးရုံကြီးတွင် လူနာအရေအတွက် တိုးလာသဖြင့် အခမဲ့ ပြည်သူ့ဆေးခန်း - FOC Teleclinic က စေတနာ့ဝန်ထမ်း ဆရာဝန်(၆၀)ကျော်ကိုစုစည်းထားပြီး နံနက်(၈)နာရီမှ ည(၁၂)နာရီအထိ ကျန်မာရေးဝန်ဆောင်မှုပေးရန် စီစဉ်နေသည်ဟု ဆိုသည်။

ကျန်းမာရေးစောင့်ရှောက်မှုလိုအပ်နေသူများအနေဖြင့် အောက်ဖော်ပြပါ QR Codeကို Scanဖတ်၍ အခမဲ့ ပြည်သူ့ဆေးခန်း - FOC Teleclinic၏ Chatbot သို့တိုက်ရိုက်ရောက်ရှိသွားမည်ဖြစ်ပြီး Chatbot မှတဆင့် ဆရာဝန်များနှင့်ချိတ်ဆက်ကာ ကျန်းမာရေးဝန်ဆောင်မှုရယူနိုင်သည်ဟုဆိုသည်။

လက်ရှိ အချိန်အထိနောက်ဆုံးကောက်ယူရရှိသော စာရင်းများအရ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ငလျင်ဒဏ်သင့်ခဲ့ရသည့် ဒေသများအားလုံး၌ သေဆုံးခဲ့ရသူ (၁၀၀၂)ဦး၊ ဒဏ်ရာရသူ (၂၃၇၆)ဦးနှင့် ပျောက်ဆုံးနေသူ(၃၀)ဦးရှိ သည်ဟု စစ်ကောင်စီက ယနေ့ ၂၀၂၅ခုနှစ် မတ်လ(၂၉)ရက်နေ့ နေ့လယ်ပိုင်းတွင် ထုတ်ပြန်ထားသည်။

#TachileikNewsAgency

Photo:အခမဲ့ပြည်သူ့ဆေးခန်း