ငလျင်လှုပ်နေချိန် စစ်ကောင်စီဗုံးကြဲ၍ DPLA ရဲဘော် ၆ ဦးထက်မနည်းသေဆုံးပြီး အများအပြားဒဏ်ရာရ

ငလျင်လှုပ်နေချိန် စစ်ကောင်စီဗုံးကြဲ၍ DPLA ရဲဘော် ၆ ဦးထက်မနည်းသေဆုံးပြီး အများအပြားဒဏ်ရာရ

အင်အားပြင်းငလျင်လှုပ်ခတ်နေချိန် ရှမ်းပြည်နယ်မြောက်ပိုင်း နောင်ချိုမြို့နယ်ရှိ ကျေးရွာတစ်ရွာကို စစ်ကောင်စီလေတပ်က ဗုံးကြဲတိုက်ခိုက်၍ ဓနုပြည်သူ့လွတ်မြောက်ရေးတပ်မတော်(DPLA)  ရဲဘော် (၆)ဦးထက်မနည်း သေဆုံးပြီး အများအပြားဒဏ်ရာရသည်ဟု သိရှိရသည်။

၂၀၂၅ခုနှစ် မတ်လ (၂၈)ရက်နေ့ နေ့လယ်ပိုင်းက ငလျင်လှုပ်ခတ်နေချိန် စစ်ကောင်စီသည် နောင်ချိုမြို့နယ်အတွင်းရှိ ကန်ကြီးရွာအနီးကို ဂျက်ဖိုက်တာဖြင့် လေကြောင်းမှ ဗုံး(၃)လုံး ကြဲချတိုက်ခိုက်သွားခြင်းဖြစ်ပြီး DPLA ရဲဘော်(၆)ဦးထက်မနည်း ထိမှန်သေဆုံးခဲ့ရကာ ဒဏ်ရာရသူများသည်ဟု ဆိုသည်။ 

“သေဆုံးသူ ၆ ဦးလောက်ရှိတယ်။ အမျိုးသမီးရဲဘော်တွေလည်းပါတယ်။ ဒဏ်ရာရသူတွေလည်းများတယ်။ ဆေးကုသမှုခံယူနေရတယ်။”ဟု သတင်းအရင်းအမြစ်က Tachileik News Agency ကိုပြောသည်။

မြန်မာနိုင်ငံအတွင်း ၂၀၂၅ခုနှစ် မတ်လ(၂၈)ရက်နေ့ မြန်မာစံတော်ချိန် နေ့လယ်(၁၂)နာရီ (၅၁)မိနစ် (၀၂)စက္ကန့် အချိန်က မန္တလေးမြေငလျင်စခန်းမှ အရှေ့မြောက်ဘက် (၂၁)ကီလိုမီတာခန့် ကွာဝေးသော မြန်မာနိုင်ငံပြည်တွင်း (မန္တလေးမြို့၏ အရှေ့ မြောက်ဘက် (၂၀) ကီလိုမီတာခန့်အကွာ)တွင် အင်အား ရစ်(ခ်)တာစကေး (၇.၇) အဆင့်ရှိသည့် အင်အားအလွန်ပြင်းထန် ငလျင်လှုပ်ခတ်သွားခြင်းဖြစ်သည်။

မြန်မာနိုင်ငံတဝှမ်းလုံးနီးပါး ငလျင်ဒဏ်ကို ခံစားခဲ့ရပြီး မန္တလေး၊ စစ်ကိုင်း၊ မကွေးနှင့် ရှမ်းတောင်တို့တွင် အပျက်အစီးများကာ လူထိခိုက်သေဆုံးမှုများနေသည်။

စစ်ကောင်စီ၏ ယနေ့နံနက်ပိုင်းထုတ်ပြန်ချက်အရ မန္တလေးတိုင်းအတွင်း အင်အားပြင်းငလျင်ဒဏ်ကြောင့် လူပေါင်း(၆၉၄)ဦး သေဆုံးပြီး (၁၆၇၀)ဦး ဒဏ်ရာရကာ (၆၈)ဦး ပျောက်ဆုံးနေသည်ဟု ဆိုသည်။

#TachileikNewsAgency

Photo:Mai Amm La Ngean