ဆားလင်းကြီးမြို့နယ်ရှိ ရွာ ၃ ရွာ ဗုံးကြဲခံရပြီး အရပ်သားတစ်ဦးသေဆုံး သံဃာနှင့် အရပ်သား ၈ ဦးဒဏ်ရာရ

ဆားလင်းကြီးမြို့နယ်ရှိ ရွာ ၃ ရွာ ဗုံးကြဲခံရပြီး အရပ်သားတစ်ဦးသေဆုံး သံဃာနှင့် အရပ်သား ၈ ဦးဒဏ်ရာရ

စစ်ကိုင်းတိုင်း ဆားလင်းကြီးမြို့နယ်အတွင်းရှိ ကျေးရွာ(၃)ရွာကို စစ်ကောင်စီ၏ စက်တပ်လေထီးနှစ်စီးက ဗုံးကြဲတိုက်ခိုက်သဖြင့် သံဃာတော်နှင့် အရပ်သားများ(၈)ဦး ဒဏ်ရာရကာ အဖွားတစ်ဦး သေဆုံးသည်ဟု ဒေသခံများထံမှ သိရသည်။

စစ်ကောင်စီတပ်သည် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ၂၀၂၅ခုနှစ် မတ်လ (၂၇)ရက်နေ့ ညနေ(၅)နာရီဝန်းကျင်တွင် စက်တပ်လေထီးနှစ်စီးဖြင့် (၁၂၀)မမ ဗုံးသီးများ ကြဲချတိုက်ခိုက်သွားခြင်းကြောင့် ထန်းပုရွာမှ အသက်(၆၀)နှစ်အရွယ် ဒေါ်စောကြည် ထိမှန်သေဆုံးပြီး (၈)ဦး ဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။

“၁၂၀ မမ တစ်လုံး ချသွားတာ ဘုန်းကြီးကျောင်းပေါ်တည့်တည့်ကျတယ်။ ပါရာမော်တာနှစ်စီးနဲ့ ဆားလင်းကြီ (၃)နေရာကို ချတာ။ ကျန်တဲ့နေရာတွေကတော့ အဆောက်ဦးလောက်ပဲ ထန်းပုရွာကတော့ အသေပျောက်ပါတယ်။ ဒဏ်ရာရ (၈) ဦးထဲမှာ (၂)ဦး စိုးရိမ်ရတယ်။”ဟု ဒေသခံတစ်ဦးက Tachileik News Agency ကိုပြောသည်။

စစ်ကောင်စီသည် ထန်းပု၊ ဆားခါး၊ ဇီးချိုင်ရွာတို့ကို ဗုံးကြဲချခြင်းဖြစ်ပြီး ဇီးချိုင်ရွာတွင် စာသင်ကျောင်းနှင့် ဆားခါးရွာတွင်နေအိမ်များ ပျက်စီးပြီး ထန်းပုရွာတွင် ဘုန်းကြီးကျောင်းနှင့် နေအိမ်များ ပျက်စီးသွားသည်ဟု သိရသည်။

“ဒဏ်ရာရ ကလေးတွေကတော့ (၁၀) နှစ်နဲ့ (၁၅) နှစ်ကြားဖြစ်မယ်။ ကလေးငယ်က (၄) ဦးလောက်ဒဏ်ရာရတယ်။ ဘုန်းကြီးတစ်ပါး ခြေထောက်ထိတယ်၊ ကိုရင်တစ်ပါး ဦးခေါင်း စိုးရိမ်ရတယ်။”ဟု ဒေသခံတစ်ဦးက ဆက်ပြောသည်။

အဆိုပါ ဗုံးသီးချတိုက်ခိုက်ခံရသည့် ကျေးရွာများမှာ စစ်ကောင်စီတပ်က စစ်ကြောင်းထိုးနေခြင်း၊ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ တိုက်ခိုက်ခံရခြင်းဖြစ်သည်ဟု သိရသည်။

#TachileikNewsAgency

Photo: Aung Khant Zaw