တရားသောစစ်ကို ဆက်လက်ဆင်နွှဲသွားမည်ဟု အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်က ၂၀၂၅ခုနှစ် မတ်လ (၂၇)ရက်နေ့ ညပိုင်းတွင်ပြုလုပ်သည့် နှစ်(၈၀)ပြည့် တပ်မတော်နေ့ စစ်ရေးပြအခမ်းအနားတွင် ပြောဆိုသည်။
မဲမသမာမှုပြုသည်ဟု အကြိမ်ကြိမ်ပြောဆို၍ အာဏာသိမ်းခဲ့သည့် ရလဒ်ကြောင့် ဖြစ်ပေါ်လာသည့် နိုင်ငံရေးအကြပ်အတည်းကို ၎င်းတို့ကြောင့်ဟု ယနေ့မထိ မှတ်ယူခြင်းမရှိဘဲ တိုင်းရင်းသားလက်နက်ကိုင်များနှင့် PDF တို့ကို အပြစ်ပုံချပြောဆိုသည်။
“အပြစ်မဲ့ပြည်သူလူထုအပေါ်တွင် အကြမ်းဖက်တိုက်ခိုက်နေမှုကို လက်မခံနိုင်သလို တို့တာဝန်အရေးသုံးပါးကို ထိပါးလာတဲ့ လက်နက်ကိုင်လမ်းစဉ်တွေကိုလည်း လုံးဝလက်ခံနိုင်စမရာမရှိတဲ့အတွက် တပ်မတော်အနေနဲ့ ပြည်သူလူထုရဲ့ ပူးပေါင်းပါဝင်မှုနဲ့အတူ တရားသောစစ်ကို ဆက်လက်ဆင်နွှဲသွားမှာဖြစ်တယ်။”ဟု စစ်ခေါင်းဆောင်က ပြောသည်။
တရားသောစစ်ကို ဆက်လက်ဆင်နွှဲသွားမည်ဟု ပြောဆိုသည့် စစ်ခေါင်းဆောင်သည် တဖက်တွင်လည်း နှစ်ကုန်ပိုင်း(သို့မဟုတ်) ၂၀၂၆ ခုနှစ် နှစ်ဆန်းပိုင်းတွင် ရွေးကောက်ပွဲပြုလုပ်ပေးမည်ဟုလည်း ထပ်မံကတိပြုသည်။
“ဒေသအလိုက် လုံခြုံရေးအခြေအနေတွေ အပေါ်မူတည်ပြီး ရွေးကောက်ပွဲကို ကျင်းပပြုလုပ်သွားမှာဖြစ်လို့ လိုအပ်တဲ့ ပြင်ဆင်မှုတွေကိုလည်း အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိတယ်။”ဟု စစ်ခေါင်းဆောင်က ပြောသည်။
မြန်မာ့သမိုင်းတွင် အကြမ်းဖက်လမ်းစဉ်ကျင့်သုံးပြီး အကြပ်ကိုင်တောင်းဆိုသော ဖြစ်စဉ်တိုင်း စစ်တပ်အနေဖြင့် အလျော့ပေးလက်ခံခဲ့သည့် အစဉ်အလာမရှိခဲ့ခြင်းကြောင့် အသက်ကို ပဓာနမထားဘဲ ဆက်တိုက်ကြရန် တပ်သားများကို စစ်ခေါင်းဆောင်က ပြောဆိုသည်။
ထို့ပြင် ၎င်းတို့အား ဆန့်ကျင်တိုက်ခိုက်နေသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ၊ PDF တပ်ဖွဲ့ဝင်များကို လက်နက်ကိုင်အကြမ်းဖက်တိုက်ခိုက်သည့် လမ်းစဉ်ကိုစွန့်လွှတ်ပြီး ပါတီနိုင်ငံရေးလမ်းကြောင်းနှင့် ရွေးကောက်ပွဲ လမ်းကြောင်းများမှတဆင့် နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းလမ်းဖြင့် ဆောင်ရွက်ရန်လည်း ပြောဆိုသည်။
သို့သော်လည်း စစ်တပ်သည် မြန်မာ့နိုင်ငံရေးတွင် ဝင်ရောက်စွပ်ဖက်နေဦးမည်ဟု ပြီးခဲ့သည့်ရက်ပိုင်းက စစ်ခေါင်းဆောင်တစ်ဦးဖြစ်သော ဗိုလ်ချုပ်ကြီးရာပြည့်က အတိအလင်းပြောဆိုထားသည်။
#TachileikNewsAgency