မြန်မာ - ထိုင်းနယ်စပ်ဒေသ ကော့သောင်းမြို့နယ် ဆယ်မိုင်ကျေးရွာအုပ်စုအတွင်း နေရောင်ခြည်စွမ်းအင်သုံး (၁၀)မဂ္ဂါဝပ် လျှပ်စစ်ဓါတ်အားပေးစက်ရုံ ( 10 MW Solar Power Plant ) တည်ဆောက် ပြီးစီးပြီ ဖြစ်ကြောင်း သိရသည်။
နေရောင်ခြည်စွမ်းအင်သုံး (၁၀)မဂ္ဂါဝပ် လျှပ်စစ်ဓါတ်အားပေးစက်ရုံ ( 10 MW Solar Power Plant )ကို ကော့သောင်းမြို့နယ်၊ ဆယ်မိုင်ကျေးရွာအုပ်စုအတွင်း ပါဆယ်ပါညန်းကျေးရွာတွင် တည်ဆောက်ထားခြင်း ဖြစ်ကြောင်း သိရသည်။
(၁၀)မဂ္ဂါဝပ် လျှပ်စစ်ဓါတ်အားပေးစက်ရုံကို မြေဧရိယာ ဧကပေါင်း (၃၇.၂၃)ဧကပေါ်တွင် တည်ဆောက်ထားခြင်းဖြစ်ပြီး ကော့သောင်းမြို့နယ်အဖြင့် အများဆုံး လျှပ်စစ်ဓါတ်အား သုံးစွဲမှု ဝန်အားအနေဖြင့် (၄)မဂ္ဂါဝပ်ဝန်းကျင်သာရှိသည့်အတွက် ယခုအခါ နေရောင်ခြည် စွမ်းအင်သုံး (၁၀)မဂ္ဂါဝပ်ဖြင့် ပေါင်းစပ်ပြီး အသုံးပြုသွားနိုင်မည်ဟု သိရသည်။
နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်ဓါတ်အားပေးစက်ရုံဖွင့်ပွဲကို ၂၀၂၅ခုနှစ် မတ်လ(၂၅)ရက်နေ့က ပြုလုပ်ရာ ထိုင်းတပ်မတော်မှ အမှတ်(၂၅)ခြေအမြန်တပ်ရင်း၊ တပ်မဟာ(၄)နယ်မြေ၏ စစ်ဆင်ရေးကွပ်ကဲရေးမှူး ဗိုလ်မှူးကြီး အပီချာရိန်းရစ် နှင့်အဖွဲ့လည်း တက်ရောက်ခဲ့ကြောင်း သိရသည်။
အဆိုပါ လျှပ်စစ်ဓါတ်အားပေးစက်ရုံကို SCG ကုမ္ပဏီ ဖြစ်သည့် Southern Coastline Group Co.,Ltd ( ဆောက်သမ်ကို့စ်လိုင်း ဂရု(ပ်) ကုမ္ပဏီ လီမိတက် )က လုပ်ဆောင်ခြင်းဖြစ်ပြီး တနင်္သာရီတိုင်းအစိုးရအဖွဲ့ နှင့် Southern Coastline Group Co.,Ltd တို့အကြား တည်ဆောက်ခြင်း၊ ပိုင်ဆိုင်ခြင်းနှင့် လုပ်ကိုင်ခြင်းဆိုင်ရာ သဘောတူစာချုပ်(B.O.O)ကို ၂၀၂၃ခုနှစ် မတ်လ(၉)ရက်နေ့က ချုပ်ဆိုခဲ့ကြခြင်း ဖြစ်ကြောင်း သိရသည်။