မြစ်ကြီးနား-ဖားကန့် အတက်၊ အဆင်းကားများ လဝါးလမ်းပေါ်တွင် ဓားပြတိုက်ခံရ

မြစ်ကြီးနား-ဖားကန့် အတက်၊ အဆင်းကားများ လဝါးလမ်းပေါ်တွင် ဓားပြတိုက်ခံရ
မတ် 26, 2025

ကချင်ပြည်နယ် မြစ်ကြီးနား-ဖားကန့် အတက်၊ အဆင်းကားများကို လဝါးလမ်းပေါ်တွင် လူငယ်(၆)ဦးက ယနေ့ ၂၀၂၅ ခုနှစ် မတ်လ(၂၆)ရက်နေ့ နေ့လယ် (၁၂)နာရီဝန်းကျင်တွင် ဓားပြတိုက်သွားသည်ဟု မျက်မြင်တွေ့ရှိခဲ့သူတစ်ဦးထံက သိရသည်။

လူငယ်(၆)ဦးသည် သေနတ်အတိုတစ်လက်နှင့် ဓားများကိုင်ဆောင်ကာ အရပ်ဝတ်များဖြင့် ဓားပြတိုက်နေခြင်းဖြစ်ပြီး ဓားပြတိုက်ရာနေရာမှာ စစ်ကောင်စီတပ်စခန်းနှင့် နီးသည်ဟု သိရသည်။

“ဓားတွေရယ် သေနတ်တစ်လက်ပါတယ်။ အတိုတစ်လက်၊ ကျန်တဲ့လူက ဓားတွေနဲ့၊ လာတဲ့ကားတားပြီးတော့ ပိုက်ဆံအိတ်ဖွင့်ခိုင်းပြီး ယူတာ။ ခရီးသည်တွေကိုတော့ ဘာမှမလုပ်ဘူး။”ဟု မြင်တွေ့ခဲ့သူတစ်ဦးက Tachileik News Agencyကို ပြောသည်။

အဆိုပါဓားပြတိုက်ရာနေရာသည် စစ်ကောင်စီတပ် အထိုင်ချထားသည့် မရမ်ကထောင်နှင့် နီးသည်ဟုလည်း ဆိုသည်။

“ပိုက်ဆံတွေပါသွားတယ်တဲ့။ ကျွန်တော်တို့လည်း အမြန်မောင်းလာခဲ့တာ။ တားမှာစိုးလို့။ အဲဒီနေရာက ဖုန်းလိုင်းတွေလည်း မမိဘူး။”ဟု ၎င်းကဆက်ပြောသည်။

အဆိုပါအခြေအနေအသေးစိတ်ကို Tachileik News Agency အနေဖြင့် ဆက်လက်မေးမြန်းစုံစမ်းနေဆဲဖြစ်သည်။

#TachileikNewsAgency