တာချီလိတ်မြို့၏ ထိုင်းဘတ်ငွေ (၃၄)သိန်းတန် နာရီစင်

တာချီလိတ်မြို့၏ ထိုင်းဘတ်ငွေ (၃၄)သိန်းတန် နာရီစင်
မတ် 26, 2025 | ရှမ်းရှေ့

 တာချီလိတ်မြို့တွင် ထိုင်းဘတ်ငွေ (၃၄)သိန်း တန်ဖိုးရှိ နာရီစင်ကို တည်ဆောက်ပြီးစီးသည့် အနေဖြင့် ဖွင့်ပွဲအား ယနေ့ ၂၀၂၅ခုနှစ် မတ်လ(၂၆)ရက်နေ့ နံနက်(၁၀)နာရီအချိန်က ကျင်းပြုလုပ်ကြောင်း သိရသည်။

နာရီစင်အား တာချီလိတ်မြို့ပေါ် မြန်မာ - ထိုင်းချစ်ကြည်ရေးအမှတ်(၁)တံတားထိပ်ရှိ အဝိုင်းပတ်တွင် တည်ဆောက်ထားခြင်း ဖြစ်ပြီး  တာချီလိတ်မြို့နယ်စည်ပင်သာယာရေးဌာန၏ ကြီးကြပ်မှုဖြင့် ကုန်ကျမှုများကို  IBOSS ကုမ္ပဏီက ကျပ်သိန်း(၂,၆၀၀) ( ဘတ်ငွေဖြင့် သိန်းနှစ်ဆယ် ) နှင့် မြို့မိမြို့မဖ လုပ်ငန်းရှင်များက ဘတ်(၁၄)သိန်း စုစုပေါင်း ထိုင်းဘတ်ငွေ (၃၄)သိန်း အကုန်အကျခံကာ တည်ဆောက်ထားခြင်း ဖြစ်သည်ဟု သိရသည်။

နာရီစင်၏ အမြင့်ပေမှာ ပေ(၅၀)ရှိပြီး ၂၀၂၄ခုနှစ် နိုဝင်ဘာလ(၂၂)ရက်နေ့က စပြီး တည်ဆောက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

တကယ်တမ်းတွင် တာချီလိတ်မြို့၌ နာရီစင် တည်ဆောက်ရန် ၂၀၂၀ခုနှစ်ကတည်းက အကောင်အထည်ဖော်ခြင်းဖြစ်ပြီး ထိုစဉ်က အလှူငွေများထည့်ဝင်မှုရှိသော်လည်း အကြောင်းအမျိုးမျိုးကြောင့် အကောင်အထည် မဖော်နိုင်ခဲ့ဘဲ ယခု ၂၀၂၄ခုနှစ်မှ အကောင်အထည်ဖော်နိုင်ခဲ့ခြင်း ဖြစ်သည်။

တာချီလိတ်မြို့တွင် ၂၀၂၀ခုနှစ်က နာရီစင် တည်ဆောက်ရန်အတွက်  လုပ်ငန်းရှင်များမှ မတည်လှူဒါန်းထားသည်ငွေ ကျပ်သိန်းပေါင်းများစွာရှိခဲ့သော်လည်း အဆိုပါ မတည်ငွေများမှာ မည်သည့် ဌာနက ထိန်းသိမ်းထားပြီး မည်သို့ အသုံးချလိုက်သည်ကို မသိရကြောင်း လုပ်ငန်းရှင်တစ်ဦးက ဆိုသည်။

"၂၀၂၀ခုနှစ်တုန်းက နာရီစင်လုပ်မယ်ဆိုပြီး စုပေါင်းရုံးမှာ ခေါ်ယူ တွေ့ဆုံဆွေးနွေးတော့ ကျွန်တော်တို့လည်း မတည်အလှူငွေတွေ ထည့်ခဲ့ကြသေးတယ်။ နောက်ပိုင်းတော့ သတ်မှတ် အလှူငွေ မပြည့်လို့ အကောင်အထည် မဖော်လိုက်နိုင်ခဲ့ဘူး"ဟု မတည်အလှူငွေထည့်ဝင်ခဲ့သည့် လုပ်ငန်းရှင်တစ်ဦးက Tachileik News Agency သို့ ပြောသည်။

ယခုနာရီစင် တည်ဆောက်ထားသည့် အဝိုင်းပတ်တွင် တာချီလိတ်မြို့မီးလင်းရေးကော်မတီမှ လွန်ခဲ့သည့် ၂၀၁၆ ခုနှစ် ဇူလိုင်လ(၂၅)ရက်နေ့က ထိုင်းဘတ်ငွေ (၇)သိန်းခွဲ အကုန်အကျခံကာ  အမြင့် (၁၆)မီတာ ရှည်လျားပြီး နီယွန်မီးသီး (၈)လုံးပါရှိသည့် Hight Mast အမျိုးအစား ဓာတ်မီးတိုင် စိုက်ထူးခဲ့သေးသည်။

၂၀၂၄ခုနှစ် နိုဝင်ဘာလတွင် နာရီစင်အတွက် အဆိုပါ ဓါတ်မီးတိုင် ဖယ်ရှားလိုက်ပြီး အခြားနေရာတွင် ပြောင်းရွှေ့စိုက်ထူထားသည်။



NLD အစိုးရလက်ထက်က ရှမ်းပြည်နယ်အရှေ့ပိုင်းဒေသအတွင်း ပထမဆုံးအနေဖြင့် နာရီစဉ်ကို ကျိုင်းတုံမြို့တွင်  လွိုင်မွေဆောက်လုပ်ရေးကုမ္ပဏီ၏ ငွေကျပ် သိန်းပေါင်း (၁,၅၀ဝ) လှူဒါန်းမှုဖြင့်   ၂၀၂၀ ခုနှစ် မတ်လအတွင်းက တည်ဆောက်ခဲ့ခြင်း ဖြစ်ကြောင်း နှင့် တာချီလိတ်မြို့၏ နာရီစင်သည် ရှမ်းပြည်နယ်အရှေ့ပိုင်းဒေသ၏ ဒုတိယမြောက် နာရီစင် ဖြစ်ကြောင်း သိရသည်။