တာချီလိတ်မြို့တွင် တြိဂံဒေသတိုင်းစစ်ဌာနချုပ် တိုင်းမှူး ရောက်ရှိနေစဉ် မိန်းကလေးငယ်တစ်ဦး လုယက်ခံရ၍ သွားကျိုးပြီး ဒဏ်ရာများ ရရှိ

တာချီလိတ်မြို့တွင် တြိဂံဒေသတိုင်းစစ်ဌာနချုပ် တိုင်းမှူး ရောက်ရှိနေစဉ် မိန်းကလေးငယ်တစ်ဦး လုယက်ခံရ၍ သွားကျိုးပြီး ဒဏ်ရာများ ရရှိ

 ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့တွင် နာရီစင် ဖွင့်ပွဲနှင့် လွယ်တော်ခမ်းတံတား ဖွင့်ပွဲ ပြုလုပ်ရန်အတွက် တြိဂံဒေသတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် စိုးလှိုင် ရောက်ရှိနေပြီး တပ်နှင့်ပြည်သူ့စစ် လုံခြုံရေးများ ချထားသော်လည်း နံနက်ပိုင်းတွင် လွယ်စတုံလမ်း၌ လုယက်မှု ဖြစ်ပွားကြောင်း သိရသည်။

လုယက်မှု ဖြစ်ပွားသည့်နေရာမှာ တာချီလိတ်မြို့ ဝမ်းလုံးကျေးရွာအုပ်စုအပိုင်း လွယ်စီတုံသွားလမ်း ရွှေလွယ်စတုံဆီပန့် မရောက်မီ နေရာတွင် ယနေ့ ၂၀၂၅ခုနှစ် မတ်လ(၂၆)ရက်နေ့ နံနက်(၁၀)နာရီ ဝန်းကျင်အချိန်က ဖြစ်ပွားခြင်း ဖြစ်ကြောင်း သိရသည်။

လုယက်ခံရသည့် နေရာမှာ သွားလာသူ များပြားသည့်အတွက် ဆိုင်ကယ်နှင့်ပိုက်ဆံအိတ် မပါသွားသော်လည်း ခံရသူမှာ ဆိုင်ကယ်လဲသွားပြီး ခြေနှင့်လက်၊ နဖူးတို့တွင် ထိခိုက်ဒဏ်ရာများ ရရှိသွားသည့်အပြင် သွားကျိုးသည်အထိ ထိခိုက်ခဲ့ရကြောင်း သိရသည်။

"ဆိုင်ကယ်လုတာ။ လမ်းသွား လမ်းလာတွေရှိနေတော့ ဘာမှတော့ မပါသွားပေမဲ့ လူကတော့ ခြေထောက်ရော၊ လက်ရော၊ နဖူးရော ဒဏ်ရာတွေရသွားတဲ့အပြင် သွားပါကျိုးသွားတယ်"ဟု အနီးဝန်းကျင်မှ တစ်ဦးက Tachileik News Agency ကို ပြောပြသည်။ 

 

လုယက်ခံသူမှာ အသက်(၂၀)ဝန်းကျင်ရှိ မိန်းကလေးတစ်ဦးဖြစ်ပြီး ၎င်းသည် တစ်ဦးတည်း ဆိုင်ကယ်မောင်းလာစဉ် ယခုလို ဖြစ်ပွားခြင်း ဖြစ်ကြောင်း သိရသည်။

 

လုယက်သူများမှာ ဆိုင်ကယ်(၂)စီးဖြင့် လူ(၄)ဦး အဖွဲ့ ဖြစ်ကြောင်း သိရသည်။

 

တာချီလိတ်မြို့တွင် ညပိုင်းများထက် နေ့ပိုင်းအချိန်များတွင် အတင့်ရဲစွာ နေ့စဉ် လုယက်မှုများ ဖြစ်ပွားနေလျှက်ရှိသည်။