ကျိုက်ထိုမြို့နယ် ခရွဲရွာဘုန်းကြီးကျောင်းကို စစ်ကောင်စီတပ် လက်နက်ကြီးနှင့်ပစ်၍ သံဃာတစ်ပါး ပျံလွန် နှစ်ပါးဒဏ်ရာရ

ကျိုက်ထိုမြို့နယ် ခရွဲရွာဘုန်းကြီးကျောင်းကို စစ်ကောင်စီတပ် လက်နက်ကြီးနှင့်ပစ်၍ သံဃာတစ်ပါး ပျံလွန် နှစ်ပါးဒဏ်ရာရ

မွန်ပြည်နယ် ကျိုက်ထိုမြို့နယ် ခရွဲရွာဘုန်းကြီးကျောင်း မြောက်ကျောင်းကို စစ်ကောင်စီတပ်က ပစ်ခတ်သည့် လက်နက်ကြီးကျည်ကျကာ ဉူးဇင်းတစ်ပါး ပျံလွန်တော်မူပြီး (၂)ပါး ဒဏ်ရာရသည်ဟု ဝေါမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံမှ သိရသည်။

ယနေ့ ၂၀၂၅ခုနှစ် မတ်လ (၂၁)ရက်နေ့ နံနက်(၉)နာရီခွဲဝန်းကျင်တွင် ပျူစောထီးများ အထိုင်ချရာ ဝေါမြို့နယ် လက်ပန်ကျေးရွာမှ စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့်ပစ်ခတ်ရာ ခရွဲဘုန်းကြီးကျောင်း မြောက်ကျောင်းပေါ်ကျပြီး ဉူးဇင်းတစ်ပါး ပျံလွန်တော်မူကာ (၂)ပါး မစိုးရိမ်ရ ဒဏ်ရာ ရရှိခဲ့သည်ဟု သိရသည်။

စစ်ကောင်စီတပ်ကပစ်ခတ်သည့် လက်နက်ကြီးသည် ဘုန်းကြီးကျောင်းပေါ်သို့ ကျရောက်ပေါက်ကွဲခြင်းဖြစ်ပြီး ပျံလွန်မူသော ဥူးဇင်းမှာ အသက်(၅၀)နှင့် ဝါတော်(၁)လ ရှိသူဖြစ်သည်ဟု သိရသည်။

“ခရွဲရွာနှင့် လက်ပန်ရွာက စစ်တောင်းမြစ်ပဲခြားတာ။ ဒဏ်ရာရ ကိုယ်တော်နှစ်ပါးက အသက်(၄၀)ကျော်နဲ့ (၅၀)ကျော်တွေပါ။ ကျောင်းမှာ အနေကြာ ရဟန်းတွေပါ။ ဒဏ်ရာရကိုယ်တော်တွေက ခြေထောက်တွေမှာ လက်နက်ကြီးအစထိတယ်။ ပျံလွန်တော်မူတဲ့ ကိုယ်တော်မှာတော့ ခေါင်းတွေကော၊ ရင်ဘတ်တွေကော ထိသွားတယ်။”ဟု ဝေါမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက Tachileik News Agency ကိုပြောသည်။

လက်ပန်ကျေးရွာရှိ ပျူစောထီးခေါင်းဆောင် အောင်ကြီးဆိုသူ၏ နေအိမ်ကို မတ်လ(၁၈)ရက်နေ့ ညနေပိုင်းတွင် ဒရုန်းဖြင့် တောင်ညိုစစ်ကြောင်းက တိုက်ခိုက်ခဲ့ပြီးနောက် စစ်ကောင်စီတပ်ဘက်က လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်းဖြစ်သည်။

ဝေါမြို့နယ် စစ်တောင်းမြစ်ကမ်းနားရှိ ကျေးရွာများတွင် လက်ပန်ကျေးရွာသည် ပျူစောထီး အင်အားကောင်းသောရွာဖြစ်ပြီး ပျူစောထီးတပ်ဖွဲ့ဝင် အင်အား (၃၀)ကျော်ရှိကာ ပျူခေါင်းဆောင် အောင်ကြီးမှာလည်း PDF ရဲဘော်များကို စိန်ခေါ်ထားသူ ဖြစ်သည်ဟု ဆိုသည်။ 

ဒရုန်းဖြင့်တိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီတပ်သည် လက်ပန်ရွာအနီးရှိ မြစ်ကျိုး၊ ဆင်ရွာတို့ကို ပဲခူးမြို့နယ် အမှတ်(၉၀၁) အမြှောက်တပ်မမှ လက်နက်ကြီးများတပ်ဆင်၍ လုံခြုံရေးအင်အားထပ်ဖြည့်ထားသည်ဟု တော်လှန်ရေးတပ်ဖွဲ့က ဆိုသည်။

“လက်ရှိတော့ တိုက်ပွဲဖြစ်ပွားတာမရှိဘူး။ သူတို့က ဝေါမြို့နယ် စစ်တောင်းမြစ်ကမ်းနားဘက်ကို နေရာယူ လှည့်ကင်းလှည့်တာတော့လုပ်နေတယ်။”ဟု ဝေါမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

၂၀၂၃ခုနှစ် ဒီဇင်ဘာလကလည်း အထက်ကွေ့ကြီးရွာနှင့် လက်ပန်ရွာတို့ရှိ စစ်ကောင်စီတပ်က (၈၁)မမ၊ (၁၂၀)မမ လက်နက်ကြီးဖြင့် ခရွဲကျေးရွာနှင့် ထင်းတဲရပ်ကွက်တို့ကို ပစ်ခတ်ရာ နေအိမ်များနှင့် အဆောက်အအုံများ ထိမှန်ပျက်စီးခဲ့သေးသည်။

စစ်ကောင်စီတပ်၏ ပစ်ခတ်မှုကြောင့် ခရွဲရွာ ကျေးလက်ဆေးပေးခန်း၊ ဘုရားကုန်း ဘုန်းကြီးကျောင်းနှင့် တောင်ကျောင်း၊ မြောက်ကျောင်းတို့တွင် (၁၂၀)မမ လက်နက်ကြီး (၂)လုံး ကျရောက်ပေါက်ကွဲခဲ့သဖြင့် ဆေးခန်းနှင့် ဘုန်းကြီးကျောင်းများ ပျက်စီးသွားခဲ့သည်။

#TachileikNewsAgency

Photo:CJ