မကွေးတိုင်း ဂန့်ဂေါမြို့နယ် မြစ်သာဆည်ပေါ်တွင် တပ်စွဲနေသည့် စစ်ကောင်စီတပ်သားနှစ်ဦး ထွက်ပြေးလာရာက ဖမ်းဆီးရမိပြီး လက်နက်ခဲယမ်းများလည်း သိမ်းဆည်းရရှိသည်ဟု မြိုင်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံမှ သိရသည်။
၂၀၂၅ ခုနှစ် မတ်လ (၁၆)ရက်နေ့က ဂန့်ဂေါမြို့နယ် မြစ်သာဆည်ပေါ်တွင် တပ်စွဲထားသော စစ်ကောင်စီတပ်သားနှစ်ဦး ထွက်ပြေးလာရာ တော်လှန်ရေးတပ်ဖွဲ့များက ဖမ်းဆီးရမိခဲ့ပြီး MA-11 တစ်လက်နှင့် ကျည်အနည်းငယ် သိမ်းဆည်းရရှိသည်ဟု သိရသည်။
“တပ်သားတွေပါ။ တပ်ထဲမှာ မနေချင်တော့လို့ ပြေးရင်း ဖမ်းမိထားတာပါ။ ထိန်းသိမ်းမေးမြန်းနေဆဲပါဗျ။”ဟု မြိုင်ပကဖမှ တာဝန်ရှိသူတစ်ဦးက Tachileik News Agency ကိုပြောသည်။
မြစ်သာဆည်ပေါ်တွင် တပ်စွဲထားသော စစ်ကောင်စီတပ်ကို မတ်လ(၇)ရက်နေ့မှ (၉)ရက်နေ့အထိ တော်လှန်ရေးတပ်များသည် ဒရုန်းဗုံးသီးများစွာ ကြဲချတိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီတပ်ဘက်က ထိခိုက်သေဆုံးသူရှိသည်ဟု ဆိုသည်။
ထို့နောက် ယမန်နေ့ မတ်လ (၁၇)ရက်နေ့ နေ့လယ်ပိုင်းတွင် အဆိုပါ ဆည်အနီးရှိ ကျေးရွာများကို စစ်ကောင်စီတပ်က ဂျက်ဖိုက်တာဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သည်ဟု သိရသည်။
“လေကြောင်းတိုက်ခိုက်မှုနဲ့ပက်သက်လို့ အသေးစိတ် ထုတ်ဖော်ပြောဖို့ အဆင်မပြေပါဗျ။ အနီးအနားရွာ လုံခြုံရေးအရပါ။ အရပ်သား ထိခိုက်သေဆုံးတာ မရှိပါဘူး။”ဟု မြိုင်ပကဖမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
မြိုင် ပကဖသည် ဂန့်ဂေါမြို့နယ် မြောက်ခရမ်းရွာ ပျူစောထီးစခန်းကိုလည်း မတ်လ(၄)ရက်နေ့က အီနာဂါဗုံးသီးချတိုက်ခိုက်ခဲ့သည်ဟု ထုတ်ပြန်ထားသည်။
တိုက်ခိုက်မှုများကို မြိုင်ပကဖ၊ ဂန့်ဂေါမြို့နယ် တပ်ပေါင်းစု၊ ဂန့်ဂေါမြို့နယ် ပကဖ၊ ပေါက်၊ မြိုင်၊ ကမ္မဒရုန်းတပ်ဖွဲ့ တို့က တိုက်ခိုက်ခဲ့ကြခြင်းဖြစ်ကြောင်း သိရသည်။
#TachileikNewsAgency