မန္တလေးတိုင်း တံတားဦးမြို့နယ်အတွင်းရှိ လေကြောင်းကာကွယ်ရေးစခန်းမှ စစ်ကောင်စီတပ်ကြပ်တစ်ဦးအပါ (၃)ဦး လက်နက်ခဲယမ်းနှင့်အတူ အလင်းဝင်လာသည်ဟု တံတားဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံမှ သိရသည်။
ဝမ်းတွင်းမြို့နယ် လေကြောင်းရန်ကာကွယ်ရေးတပ်မှ တပ်ကြပ် အောင်မိုးသည် ၂၀၂၅ခုနှစ် မတ်လ (၁၃)ရက်နေ့တွင် လက်နက်ခဲယမ်းနှင့်အတူ အလင်းဝင်လာခဲ့ပြီး ယင်းနေ့တွင်ပင် စလင်းမြို့နယ် အခြေစိုက် ခလရ(၂၅၃)တပ်ရင်းမှ စစ်မှုထမ်းတပ်သားနှစ်ဦးဖြစ်သည့် တပ်သား ကျော်အောင်နှင့် တပ်သား ဗြားကြီးတို့လည်း ထွက်ပြေးခိုလှုံလာခြင်းဖြစ်သည်ဟု သိရသည်။
တံတားဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က MA-1 တစ်လက်၊ (၅.၅၆)ကျည် (၁၂၃)တောင့်၊ ကျည်ဘောက်(၃)ခု၊ လက်ပစ်ဗုံး (၂)လုံး၊ နင်းမိုင်းတစ်လုံးတို့နှင့်အတူ အလင်းဝင်လာသည့် တပ်ကြပ် အောင်မိုးကို ဂုဏ်ပြုငွေ (၂၅)သိန်းနှင့် ကျန်တပ်သား(၂)ဦးကို ဂုဏ်ပြုငွေ (၂) သိန်းကျပ်ခွဲစီ ချီးမြှင့်ထားသည်ဟုလည်း သိရသည်။
စစ်မှုထမ်းတပ်သားနှစ်ဦးဖြစ်သည့် တပ်သား ကျော်အောင်နှင့် တပ်သား ဗြားကြီးတို့ နှစ်ဦးမှာ ၂၀၂၄ခုနှစ် ဇွန်လနှင့် မတ်လတို့တွင် အလုပ်မှအပြန် စစ် ကောင်စီတပ်၏ ပေါ်တာဆွဲခံရခြင်းဖြစ်သည်ဟု သိရသည်။
#TachileikNewsAgency
Photo:တံတားဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့