ကရင်နီပြည်နယ် မိုးဗြဲမြို့ရှိ စစ်ရေးပစ်မှတ်မဟုတ်သည့် နေရာများကို စစ်ကောင်စီတပ်က တိုက်ခိုက်နေ၍ နေအိမ်အများအပြား မီးလောင်ပျက်စီးရသည်ဟု ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF)က ယနေ့ ၂၀၂၅ခုနှစ် မတ်လ(၁၆)ရက်နေ့တွင် ထုတ်ပြန်သည်။
၂၀၂၅ ခုနှစ် မတ်လအတွင်း (၁)ရက်နေ့မှ (၁၅)ရက်နေ့အထိ စစ်ကောင်စီတပ်သည် မိုးဗြဲမြို့တွင်းရှိ စစ်ရေးပစ်မှတ်မဟုတ်သော ပြည်သူ့နေအိမ်အဆောက်အဦးများကို လက်နက်ကြီး၊ ဒရုန်းများဖြင့် ပစ်ခတ်တိုက်ခိုက်မှုများကြောင့် နေအိမ်(၁၅)လုံးနှင့်အထက် ထိခိုက်ပျက်စီးသည်ဟု ဆိုသည်။
စစ်ကောင်စီသည် နှစ်ဖက်စစ်ဆိုင်ထားသော တိုက်ပွဲဧရိယာများမဟုတ်သော မိုးဗြဲမြို့တွင်းရှိ ရပ်ကွက်များကို နေ့စဉ်ဒရုန်းများဖြင့် ဗုံးကြဲခြင်း၊ လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်းများဖြင့် စစ်ရာဇဝတ်မှုများကို ပေါ်ပေါ်ထင်ထင် ကျူးလွန်နေသည်ဟုလည်း ထုတ်ပြန်ထားသည်။
၂၀၂၄ ခုနှစ် ဒီဇင်ဘာလမှစ၍ ယနေ့ထိ စစ်ကောင်စီ၏ စစ်ကြောင်းများမှာ မိုးဗြဲမြို့တွင်းသို့ ဝင်ရောက်နိုင်ရေးအတွက် ထိုးစစ်ဆင်မှုများပြုလုပ်နေပြီး နေ့စဥ်ထိတွေ့တိုက်ပွဲများရှိနေ၍ အရပ်သားများ မိုးဗြဲမြို့အနီးဝန်းကျင်တစ်လျှောက် သတိပြုသွားလာကြရန်လည်း တိုက်တွန်းထားသည်။
#TachileikNewsAgency
Photo:KNDF - Karenni Nationalities Defence Force